
MSN တွေကြားက မေတ္တာ
သံယောဇဉ်။
တော်တော်ကို ဖြတ်တောက်ရ
ခက်ပါတယ်။ မိဘနဲ့သားသမီး၊
ညီအကိုမောင်နှမ၊ မိတ်ဆွေ
သူငယ်ချင်းတွေကြား။
သံယောဇဉ် ချည်နှောင်မိပြီဆို
အဝေးရောက်နေရင်တောင်
ဖုန်းခေါ်ရတာမျိုး၊ မက်ဆေ့ချ်
ပို့ရတာမျိုးပေါ့။
တဦးနဲ့တဦး အခင်အမင်
မပျက်ကြဘူးဆိုတာ
သက်သေပြတာပေါ့။
အစားကောင်းစားရင်
အခင်ဆုံး သူငယ်ချင်းတွေကို
သတိရတတ်တယ် ဆိုတာလည်း
ရှိပါတယ်။ မိတ်ဆွေသူငယ်ချင်း
ဆိုတာကလည်း ဘဝမှာ
လူတိုင်း ကြုံကြရတာပါ။
ဒါပေမဲ့ တယောက်နဲ့တယောက်
ညီရင်းအကိုလို ခင်မင်ဖို့ဆိုတာ
တော်တော်ရှားပါတယ်။
မရှိဘူးလိူ့ မဆိုလိုပါဘူး။
ရှိတော့ ရှိတယ်၊ ရှားတယ်
ဆိုသလိုပေါ့လေ။ လူတိုင်းကို
စိတ်ရင်းနဲ့ ပေါင်းနိုင်ဖို့ဆိုတာ
ကိုယ့်ဘက်ကလည်း ဘာအကျိုးမမြတ်မှ
မျှော်ကိုးမထားဖို့လည်း လိုပါတယ်။
တဖက်ကလည်း ကိုယ့်လိုစိတ်မျိုး
ဆိုရင်တော့ သေချာပါပြီ။
တကယ့်ကို မိတ်ရင်းဆွေရင်း
ဖြစ်သွားပြီပေါ့။
ဘာရယ် မဟုတ်ပါဘူး။
မနေ့ညက ပီအက်စ်ဂျီ-
အဂျက်စီယို ပွဲစဉ်အပြီး
နေမာက လူမှုကွန်ရက်ပေါ်
တင်လိုက်တဲ့ ဓာတ်ပုံလေး
တပုံကိုတွေ့မိပြီး သူငယ်ချင်း
မိတ်ဆွေ ဆက်ဆံရေးကို
သတိပြုမိသွားတာပါ။ အဆိုပါပွဲမှာ
ပီအက်စ်ဂျီက ၅ ဂိုးပြတ်
အနိုင်ရခဲ့တာပါ။ မက်ဆီက
တပွဲလုံး ကစားခဲ့ပေမယ့်
ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
နေမာဟာ ဒဏ်ရာကြောင့်
မကစားနိုင်တာ အတော်ကြာပါပြီ။
ဒါပေမဲ့ အဂျက်စီယိုနဲ့ပွဲကိုတော့
လာရောက်ကြည့်ရှုခဲ့ပါတယ်။
သူက ရိုးရိုးတန်းတန်းကြည့်တာတော့
မဟုတ်ဘူး။ ဘရာဇီးလ်မှာရှိနေတဲ့
လူးဝစ်ဆွာရက်ဇ်ကို ဖုန်းခေါ်ပြီးတော့ကို
ကြည့်တာ။ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ
ဆိုတာ တချိန်က ဘာစီလိုနာတိုက်စစ်မှာ
အစွမ်းပြခဲ့ဖူးတာပေါ့။
MSN လို့ခေါ်တဲ့ သူတို့အတွဲက
ကမ္ဘာ့အကောင်းဆုံး သုံးယောက်တွဲ
တိုက်စစ်အဖြစ် သတ်မှတ်ခံခဲ့ရဖူးတယ်။
ဘန်ဇီးမား၊ ဘေးလ်၊ စီရော်နယ်ဒိုတို့ရဲ့
BBC၊ ဖာမီနို၊ ဆာလက်၊ မာနေးတို့ရဲ့
FSM တိုက်စစ်အတွဲထက်တောင်
ပိုကောင်းတယ်လို့ ဆိုသူတွေလည်း
အများကြီးပါ။ အောင်မြင်မှုတွေ
အတူတကွ ရယူခဲ့ကြတယ်။
နောက်ပိုင်းမှာတော့ ရေကြည်ရာ
မြက်နုရာရှာကြရင်း တယောက်နဲ့
တယောက် ဝေးခဲ့ကြတယ်။
ဒါပေမဲ့လည်း တောင်အမေရိကသား
သုံးယောက်ရဲ့ ဆက်ဆံရေးကတော့
တော်တော်လေး အားကျစရာကောင်းတယ်။
အားလပ်ရက်တွေမှာ အတူ ခရီးထွက်တာမျိုး၊
တကူးတကချိန်းပြီး ညစာထွက်စားတာမျိုး
တွေလည်း ရှိတယ်။ မီလျံနာတွေဆိုတော့
ကိုယ်ပိုင်ဂျက်လေယာဉ်တွေနဲ့
တွေ့နိုင်တာပေါ့ဆိုတာမျိုး တွေးနိုင်ပေမယ့်
သူတို့ကြားက ဆက်ဆံရေးကတော့
တော်ရုံမဟုတ်ပါဘူး။ ညီအကိုရင်းတွေ
ထက်တောင် ပိုချစ်ကြမယ်လို့ ထင်တယ်။
ပါ့ဒက်စ်ပရင့်စ်ကွင်းကြီးထဲကနေ
ဆွာရက်ဇ်ကို ဖုန်းခေါ်တော့ ဂရီမီယို
တိုက်စစ်မှူးက အိပ်ယာထဲမှာ။
အာလာပ သလာပတွေပြောရင်း
မက်ဆီကစားနေတဲ့ပုံကို နေမာက
ဗီဒီယိုရိုက်ပြီး ပြတယ်။
သူက အင်စတာဂရမ်မှာ
ဓာတ်ပုံလေးကို စာသားလေးနဲ့အတူ
ဒီလိုတင်ခဲ့တယ်။
“ငါတို့ သူငယ်ချင်း မက်ဆီ
ကစားတာကို အတူကြည့်ခဲ့တယ်” တဲ့