
အဆိုးထဲက အကောင်း
မီလန်ဒါဘီ ချန်ပီယံလိဂ်
ဆီမီးဖိုင်နယ် ပ-အကျော့က
အားလုံးသိတဲ့အတိုင်း။
အေစီမီလန် အိမ်ရှင်အဖြစ်
လက်ခံကျင်းပတဲ့ ဒီပွဲမှာ
ဧည့်သည်အင်တာက
၂ ဂိုးပြတ် အနိုင်ရခဲ့တယ်။
ခါးသီးပြိုင်ဘက်တွေလည်းဖြစ်၊
ဖိုင်နယ်တက်ဖို့ တက်တကမ်း
အလိုလည်းဖြစ်လို့ ပွဲက
ပြိုင်ဆိုင်မှု ပြင်းတယ်။
ပွဲအစပိုင်းမှာတင်
အင်တာက ၂ ဂိုးသွင်းခဲ့တာ။
အီဒင်ဂျက်ကိုရဲ့ မြေမကျအဖွင့်ဂိုး၊
မီခီတာရန်ရဲ့ ဂိုးတွေကြောင့်
ပွဲအစ ၁၁ မိနစ်မှာတင် အနိုင်အရှုံး
အဖြေထွက်သွားပြီ။ ဂျရူး၊
ဘရာဟင်ဒီယက်ဇ်၊ ဆယ်လီမေကာ၊
မက်ဆီယက်စ် စတဲ့ အေစီ
တိုက်စစ်မှူးတွေအားလုံး
ဂိုးပေါက်ရှာတွေ့နိုင်ဖို့ ခက်ခက်ခဲခဲ
ရုန်းကန်ခဲ့ရတာ တွေ့ခဲ့ရတယ်။
ဂျရူးဆိုရင် တွဲဖက်မဲ့နေတဲ့
စစ်သည်တယောက်လို
အသက်မဲ့လို့။
ဒီနေရာမှာ တယောက်သောသူသာ
ပါလာခဲ့ရင် ပီအိုလီရဲ့ တိုက်စစ်က
ပိုမိုမြိုင်ဆိုင်လာမှာ။ ဗေဒင်
မေးနေစရာတောင် မလိုဘူး။
သူ့ရဲ့ လျင်မြန်တဲ့ ပြေးအား၊
တိုးအားကြောင့် ပြိုင်ဘက်တွေ
အခက်တွေ့၊ အသင်းဖော်တွေ
နေရာလွတ်တွေရ၊ ကစားရတာ
နေရာကျယ်လာပြီး ဂိုးတွေလည်းရ။
အခုတော့ သူ မပါတော့ အေစီလည်း
တိုင်တွေပတ်။ ဖိုင်နယ်တက်ဖို့
မရေရာတဲ့ အနေအထားနဲ့ ကြုံနေရပြီ။
သူဆိုတာက အခြားတော့ မဟုတ်ဘူး။
ပေါ်တူဂီတိုက်စစ်မှူး ရာဖေးလ်လီယာအို။
အသက်က ၂၃။ လူသာ ငယ်တာ။
စကေးက အကြီးကြီး။
ကလပ်အဆင့်မှာရော၊ နိုင်ငံတကာ
စင်မြင့်ထက်မှာပါ သူ ဘာလဲဆိုတာကို
ပြသထားပြီးသား။
မီလန်ဒါဘီ ချန်ပီယံလိဂ် ဆီမီး
ပွဲစဉ်မတိုင်မီကတည်းက လီယာအို
ပါဝင်ကစားနိုင်ဖို့ မသေချာဘူးလို့
သတင်းတွေထွက်နေတာပါ။
အသင်းဘက်က သူ ပါနိုင်၊ မပါနိုင်
ဆိုတာကို နောက်ဆုံးအချိန်အထိ
ဖုံးဖိထားချင်တဲ့ ပုံပါပဲ။ ဒါပေမဲ့လည်း
ပကတိ အရှိတရားကို ဘာနဲ့မှ
ဖုံးကွယ်ထားလို့မှ မရတာ။
ကြွက်သားဒဏ်ရာရထားတဲ့
လီယာအို မပါနိုင်တော့ဘူး။ အင်တာ
အကြိုက်တွေ့တာပေါ့။ သူတို့ကို
ဒုက္ခပေးနိုင်တဲ့သူ မပါတော့ ပွဲဗျူဟာကို
အနှောင်အဖွဲ့မရှိ၊ လွတ်လွတ်လပ်လပ်
စိတ်ကြိုက်ဖော်ဆောင်လို့ရသွားတယ်။
တကယ်တော့ အေစီဟာ လီယာအိုနဲ့
ပတ်သက်လို့ သောကတွေ
ရင်ဆိုင်နေရတာ မျက်နှာစာနှစ်ခုမှာပါ။
တခုက အထက်က ဆိုခဲ့တဲ့ ဒဏ်ရာ။
နောက်တခုက အပြောင်းအရွှေ့။
စပို့တင်းအကယ်ဒမီထွက် လိုင်လီ
ကစားသမားဟောင်းဟာ ၂၀၂၄ နွေဆို
စာချုပ်ပြည့်ပြီ။ သက်တမ်းက တနှစ်ပဲ
ကျန်တော့တဲ့ သဘော။ ဒါကြောင့်
ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်တို့က
လီယာအိုရဲ့ အခြေအနေကို
စက္ကန့်မလပ် စောင့်ကြည့်နေတဲ့အချိန်။
အေစီလည်း ချောက်ထဲမကျဖို့
ကြိုးစားလျှောက်ပေမယ့်လည်း
ချန်ပီယံလိဂ် လမ်းတဝက်မှာတော့
ခြေချော်သွားခဲ့ပြီ။ ဒါပေမဲ့
ပွဲမပြီးသေးဘူး။ မိနစ် ၉၀ တဖြတ်
ကျန်သေးတယ်။ ဘာမှပြောလို့
မရသေးတဲ့ အခြေအနေ။
နောက်ထပ် အပြောင်းအရွှေ့
စာမျက်နှာမှာတော့ အိုကေ
သွားပြီလို့ ဆိုနိုင်တယ်။
အပြောင်းအရွှေ့ကျွမ်းကျင်သူ
အီတလီဂျာနယ်လစ် ရိုမာနိုက
အေစီဟာ လီယာအိုကို
၂၀၂၈ အထိ သက်တမ်းတိုးနိုင်ဖို့
သေချာနေပြီလို့ အတည်ပြုထားတယ်။
လက်ရှိခံစားနေတဲ့ တနှစ်လစာ
ပေါင် ၁.၅ သန်းကနေ ၅ သန်းအထိ
ရမယ်။ ထပ်ပေါင်းဆုကြေးတွေလည်း
ခံစားရဦးမယ်။ တဖက်မှာ
နာကျင်စရာရှိခဲ့ပေမယ့် အခြား
တဖက်မှာတော့ ကြည်နူးစရာ
ရှာတွေ့ခဲ့တဲ့ သဘောပေါ့။