ဟာလန်းက ချာတိတ်လေးပါ

မနေ့ည ချန်ပီယံလိဂ်ပွဲက တော်တော်
စိတ်ဝင်စားဖို့ကောင်းတယ်။ လက်ရှိချန်ပီယံ
ရီးရဲလ်နဲ့ ခြေစွာနေတဲ့ မန်စီးတီးဆိုတော့
ဘယ်သူ ငြင်းနိုင်မှာလဲ။ အိပ်ရေးပျက်
ခံရတာပေါ့။ ဖွင့်ထားတဲ့ကြေးကိုလည်း
ကြည့်ဦး။ မသိရင် အစ်တီဟတ်မှာ
ကစားမယ့်အလား….

မန်စီးတီးကတောင် အကျောပေးထားတာ။
ထားလိုက်ပါ။ ဒီပွဲကို အဓိက
ကြည့်ဖြစ်တာက ဒီရာသီ ချန်ပီယံလိဂ်
ဂိုးသွင်းဘုရင် ဟာလန်း ဂိုးသွင်းနိုင်မလား
ဆိုတာပဲ။ ဟုတ်တယ်လေ။
နော်ဝေသားရဲ့ ထောင်လွှားမှုအောက်
သက်ဆင်းခဲ့ရတဲ့ နိုင်ငံတော်တွေ
အများသားလား။

အန်ဆလော့တီကတော့ ပွဲမစခင်
ပြောခဲ့ပါတယ်။ ဟာလန်းတယောက်ကိုပဲ
ထိန်းချုပ်နိုင်ဖို့ ကြိုးစားမှာမဟုတ်ဘူး။
မန်စီးတီးတသင်းလုံးကို ထိန်းနိုင်ဖို့ကိုသာ
အဓိက အားထုတ်ရမယ်လို့ ဆိုခဲ့တာပါ။
မှန်တော့လည်း မှန်ပါတယ်။
ဘောလုံးကစားတယ်ဆိုတာ အသင်းလိုက်
ကောင်းမှ အောင်ပွဲရတာ။

တဦးတည်း ကွက်ကောင်းနေရင်လည်း
နိုင်ပွဲက တာရှည်ခံမှာ မဟုတ်ဘူး။
ဒါကို နည်းပြပါးဝနေတဲ့ အီတလီသားက
ကြိုကန်ထားတာ။ ဒါပေမဲ့ သူ့မှာ
လက်နက်ကောင်းတခုရှိမယ်ဆိုတာ
အဲဒီကတည်းက ရိပ်မိခဲ့ပါတယ်။
ဟာလန်းကို ဘယ်သူ ထိန်းမလဲဆိုတာ။

တကယ်လည်း ကစားရော…ဟာလန်း
ဘယ်ရောက်နေသလဲလို့တောင်
မေးယူရလောက်တဲ့အထိ ရီးရဲလ်
နောက်တန်းကစားပုံက ကောင်းမွန်ခဲ့တယ်။
ဂွါဒီယိုလာဟာ ဘာနေဗျူးပွဲစဉ်မှာ
လူစားလဲခြင်း လုံးဝမလုပ်ခဲ့ဘူး။
ပွဲထွက် ၁၁ ယောက်ကို တပွဲလုံး
အသုံးပြုခဲ့တာပါ။ ဟာလန်းလည်း
မိနစ် ၉၀ အပြည့် ကစားခဲ့ရတယ်။

ဒါပေမဲ့ တပွဲလုံး ဘောလုံးထိတာက
၂၁ ကြိမ်ပဲ ရှိခဲ့တဲ့အထိ ဆိုးဆိုးရွားရွား
ဖြစ်ခဲ့တယ်။ ဂိုးသမား အီဒါဆန်ကတောင်
သူ့ထက် ဘောလုံးထိချက် ၈ ချက်
ပိုများနေသေးတယ်။ ဒါဟာ
ဟာလန်းအတွက် ဒီရာသီမှာ ဘောလုံးထိချက်
အနည်းဆုံးပွဲဖြစ်ခဲ့တယ်။ ချန်ပီယံလိဂ်မှာ
၅၈ မိနစ်တိုင်း တဂိုးသွင်းတတ်တဲ့
သူ့အတွက် ဘယ်လိုမှ မဖြစ်သင့်တဲ့
မှတ်တမ်းဆိုးပဲ။

ဟာလန်းကို အဓိက ထိန်းချုပ်ခဲ့တာက
ရူဒီဂါနဲ့ အလာဘာ။ အထူးသဖြင့်
ဂျာမန်သား ရူဒီဂါ။ ဟာလန်း
ဘယ်နေရာမှာပဲ ရှိနေသည်ဖြစ်စေ
ဘေးနားမှာ အရိပ်လို ကပ်လိုက်နေတာ။
နော်ဝေသားရဲ့ ရည်းစားတောင်
အဲလောက် တပူးပူး တတွဲတွဲ
လုပ်နိုင်မှာ မဟုတ်ဘူး။ ဘော်ဒီနဲ့
ခုတယ်။ ကြုံသလို ဖျက်တယ်။ ဒီတော့
ဟာလန်းလည်း ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိအောင်အထိ
ဖြစ်ခဲ့ရတယ်။

ပွဲအပြီးမှာတော့ အန်ဆလော့တီက
ဒီလိုပြောတယ်။

“ကျွန်တော်က ရူဒီဂါကို ဟာလန်းကို
ဖဝါးထပ်ခြပ် လိုက်ကပ်နေဖို့
ပြောခဲ့တယ်။ သူဘယ်ကိုရွေ့ရွေ့
ဘေးနားမှာ ရှိနေရမယ်လို့
ညွှန်ကြားခဲ့တယ်။ ပြောတဲ့အတိုင်းလည်း
လုပ်နိုင်ခဲ့တယ်။ ရူဒီဂါက
အသင်းအတွက် အဖိုးမဖြတ်နိုင်သူပါ” တဲ့…

Facebook Comments Box
Facebook Comment