
လူပြောများနေတဲ့ ကွန်တီ အင်ပါယာ
ထွန်းထွန်းဦး(လှိုင်)
စီးရီးအေနဲ့ ပတ်သက်လာရင် သတင်းစာများရဲ့ အားကစား စာမျက်နှာများမှာ နေရာယူဖော်ပြလာကြတာက အင်တာမီလန်ဖြစ်တယ်။
ဒီအသင်းဟာ ကွန်တီလက်ထဲမှာ ပြောင်းလဲခြင်းများစွာနဲ့အတူ ပြင်ဆင်ပြုပြင်ရင်း ခရီးဆက်ကာ လိုရာကို မကြာခင်ရောက်တော့မယ်လို့ ပြောလာကြတယ်။
အချို့ကလည်း ဖလားယူပြစရာ စီးရီးအေသာ ကျန်တော့တဲ့ အင်တာမီလန် ဒီလိုမျိုးဖြစ်လာတာ မဆန်းပါဘူးတဲ့၊ အဲ့ဒါကလည်း ဟုတ်နေတယ်။
အင်တာမီလန်ဟာ ကွန်တီ ပြန်လည်ပြုပြင်ယူထားတဲ့ အင်ပါယာတစ်ခု ဖြစ်လာတယ်။
မှန်းဆထားတဲ့ ဒီရာသီ ဆုဖလားလမ်းကြောင်းတွေကနေပြီး အရှုံးနဲ့ထွက်လာရတဲ့ အင်တာမီလန်အတွက် စီးရီးအေဟာ နောက်ဆုံးထွက်ပေါက် ဖြစ်လာပါတော့တယ်။
စီးရီးအေကလွဲရင် ကျန်တဲ့ပြိုင်ပွဲတွေမှာ နေသားမကျတဲ့ အင်တာမီလန်ဟာ နှစ်သစ် ၂၀၂၁ ထဲမှာ ပြန်ကြည့်လိုက်တော့ ဘယ်သူမှ မယုံကြည်နိုင်လောက်တဲ့ အပြောင်းအလဲများစွာနဲ့ ဖြစ်လာတယ်။
ပြီးတော့ ကွန်တီလက်ထဲမှာ အင်တာမီလန်ဆိုတာ စီးရီးအေမှာ စီးရီးအေ အသင်းတစ်သင်းမဟုတ်တဲ့ လူမျိုးစုံတပ်ဖွဲ့အသင်း၊ ခံစစ်အသားပေးမဟုတ်တဲ့ တိုက်စစ်ကို ဦးစားပေးပြီး အင်္ဂလန်ဟန်အပြည့်နဲ့ ကစားနေတဲ့ ခွန်အားကို မိနစ် ၉၀ အပြည့်ဖြည့်ထားတဲ့ အသင်းဟာ အင်တာမီလန်ဖြစ်လာတယ်။

နောက်ပြီး အားလုံးသိထားကြတဲ့အတိုင်း ကွန်တီ ဖန်တီးထားတဲ့ ကွန်ရက်တစ်ခုဟာ အီတလီစီးရီးအေမှာ အတွေ့အကြုံမြင့် ကစားသမားတွေကြောင့် သီးခြားခွဲထွက်နေတဲ့ အမှတ်ပေးဇယား ထိပ်ဆုံးရောက်အသင်း ဖြစ်လာပြီလို့ ဆိုကြပြန်တယ်။
အင်တာမီလန် တင်မဟုတ်ပါဘူး။ မီလန်ပါ အခုအချိန်မှာ အင်တာနောက်ကနေပြီး ထပ်ချပ်မကွာ ပြန်လိုက်နေတယ်ဆိုပေမယ့် အမှတ်ကွာဟမှုကတော့ ၂၄ ပွဲကစားအပြီးမှာ ၄ မှတ်ဖြတ်ထားလိုက်နိုင်ပြီ ဖြစ်တယ်။
ပြီးတော့ တတိယနေရာမှာရှိနေတဲ့ လက်ရှိအမှတ်ပေးချန်ပီယံ ဂျူဗင်တပ်နဲ့က ၁၀ မှတ်အထိ ကွာဟနေတယ်။
အင်တာမီလန်ဟာ ပြည်တွင်းဖြစ် အမှတ်ပေးချန်ပီယံဆုကို အရယူဖို့အတွက် သူတို့တွေ ရာသီဝက်နောက်ပိုင်းမှာ သိသိသာသာနဲ့ အနေအထားပြောင်းလဲလာတယ်။
ရာသီအစမှာတည်းက ကွန်တီရဲ့ဒုတိယရာသီဖြစ်လာတဲ့ အင်တာမီလန်ဟာ လိုအပ်တဲ့ ကစားသမား ခေါ်ယူမှုများနဲ့အတူ ကွက်လပ်တွေကို ဖြည့်လာနိုင်တယ်။
သူ့ရဲ့ ၃-၄-၃ ဟန်ပန်တစ်ခုက ချယ်လ်ဆီးနဲ့ ကျန်ခဲ့တယ်လို့ ဆိုရပေမယ့် အင်တာမီလန်မှာလည်း ၃-၁-၄-၃ / ၃-၅-၂ ဟာ တိုက်စစ်သွားတာ ပြိုင်ဘက်အသင်းကြီးတွေကြားထဲမှာ ထူးခြားနေပြန်တယ်။
အထူးသဖြင့် ဂိုးမရှိသရေပွဲတွေ စီးရီးအေမှာ အူဒီးနီးစ်နဲ့ပွဲကလွဲရင် ကျန်ပွဲတွေမှာ သွင်းဂိုးတွေနဲ့ အနိုင်၊ သရေပွဲများကို ဖန်တီးနိုင်တဲ့အသင်းအဖြစ် အားပေးသူတွေကြားထဲမှာ နာမည်ရပြီး ဒီနှစ်မှာ ရပ်တည်နိုင်ခဲ့တယ်။
စီးရီးအေမှာ ခြေမှန်ရနေပြီး ရာသီဝက်နောက်ပိုင်းမှာ တိုက်စစ်ကို အားနဲ့အင်နဲ့ရုန်းကန်ပြီး အမှတ်ဖြတ်ကာ ချန်ပီယံဖြစ်ရေးကို သေချာပြင်ဆင်လာမှုက အင်တာမီလန်ဟာ မော်ရင်ညိုလက်ထက်နောက်ပိုင်း အမှတ်ပေးချန်ပီယံအဖြစ် ၁၉ ကြိမ်မြောက် စကူဒက်တိုဆုဖလားမြှောက်ဖို့ အခွင့်အရေးများ ရလာနိုင်မလားဆိုတာ ကြည့်ရမယ်။

လောလောဆယ်တော့ သူတို့တွေအနေနဲ့ ချန်ပီယံအဖြစ် သေချာစွာချိန်ဆနိုင်မယ့် ဆုဖလားလမ်းကြောင်းဟာ ပြည်တွင်းအမှတ်ပေးဆုဖလားသာ ရှိပါတော့တယ်။
UCL မှာလည်း အခြေအနေမကောင်းခဲ့ဘူး။ အုပ်စုအဆင့် အောက်ဆုံးကနေ ပြုတ်လာခဲ့တယ်။
နောက်ပြီး ကိုပါအီတာလီယာမှာလည်း ဂျူဗီကို နှစ်ကျော့ပေါင်း ၂-၁ နဲ့ရှုံးခဲ့လို့ ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့လိုက်ရတယ်မဟုတ်လား။
ဒီတော့ ကွန်တီအတွက် နောက်ဆုံးမျှော်လင့်ချက်ဟာ စီးရီးအေသာ ကျန်တော့တယ်။
ကွန်တီလက်ထဲမှာ အင်တာမီလန်ဟာ တာထွက်ကောင်းခဲ့သလို ရပ်တည်မှုများကလည်း အဆင့်အားဖြင့် အခုအချိန်အထိ အဆိုးဆုံးအဆင့် ၆ ကို တစ်ကြိမ်သာ ရောက်ခဲ့တယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ အင်တာမီလန်ဟာ အမှတ်ပေးဇယားမှာ အဆင့် ၃ နဲ့ အဆင့် ၂ မှာသာ ကျင်လည်နေခဲ့တဲ့ အသင်းဖြစ်ခဲ့သလို အပတ်စဉ်တိုင်းစီးရီးအေပြိုင်ပွဲတွေမှာ သွင်းဂိုးကောင်းကောင်းနဲ့ ပရိသတ်အားပေးမှု ဆက်တိုက်ရခဲ့သလို မွေးစားအသင်းအဖြစ်ပါ ရှိလာခဲ့တယ်။
ဒီနေရာမှာ ပြောစရာရှိတာက အင်တာမီလန်ရဲ့ပြည်တွင်းပွဲတွေမှာ စိတ်ရောကိုယ်ပါ နှစ်ပြီးတော့ ကြိုးစားကြတဲ့ ကစားသမားတွေပါပဲ။
သူတို့တွေဟာ ကွန်တီရဲ့ဆူ၊ ဆဲ၊ ကြိမ်းမောင်းမှုအောက်မှာ ၃-၅-၂ ကစားကွက်ကို အကောင်းဆုံးတည်ဆောက်ထားနိုင်ပြီး ပြိုင်ဘက်တွေကို အလဲထိုးနိုင်ခဲ့ကြတာ ဖြစ်တယ်။
စီးရီးအေမှာ ပွဲစဉ် ၁၂ ကစလို့ ဒုတိယနေရာကို အပိုင်သိမ်းထားတဲ့ နာပိုလီနဲ့ဆုံတော့ အင်တာမီလန်ဟာ အိမ်ကွင်းမှာ ၁-၀ နဲ့ မရမက အနိုင်ကစားပြီး လူကာကူရဲ့ပင်နယ်တီသွင်းဂိုး ၁ လုံးတည်းနဲ့ အနိုင်ယူနိုင်ခဲ့တယ်။

အဲ့ဒီကစလို့ အင်တာမီလန်ဟာ အဆင့် ၂ မှာ ခြေကုပ်ယူပြီး ဇယားထိပ်ဆုံးမှာရှိနေတဲ့ မီလန်ကို ဖြိုချဖို့ ဖိအားပေးနေခဲ့တာ ပွဲစဉ် ၂၂ အထိ ဆိုပါတော့ …။
ပြန်ကြည့်ရင် နှစ်သစ်ကူးလဖြစ်တဲ့ ၂၀၂၀ ရဲ့ဒီဇင်ဘာနဲ့ ၂၀၂၁ ရဲ့ဇန်နဝါရီလတွေဟာ အင်တာမီလန်အတွက် ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရပြီး မရမက အသာရအောင် ရုန်းထွက်ခဲ့ရတဲ့ အချိန်တွေဖြစ်တယ်။
ဒါတောင် ဆမ်ဒိုးရီးယားကို အဝေးကွင်းမှာ ပွဲစဉ် ၁၆ ကစားပြီး ၂-၁ နဲ့ အရေးနိမ့်ခဲ့ရလို့ အင်တာမီလန်ရဲ့ ၂ ပွဲမြောက်ရှုံးပွဲကို ကွန်တီ လက်ခံခဲ့ရတယ်။
ဒီရာသီ ပထမဆုံး ရှုံးပွဲက မီလန်ဒါဘီဖြစ်တဲ့ စီးရီးအေ ပွဲစဉ် ၄ မှာ အင်တာက မီလန်ကို ၁-၂ နဲ့ ရှုံးခဲ့လိုက်တာဖြစ်တယ်။
မီလန်နဲ့ အင်တာဟာ အပြိုင်ဆိုသလို ဇယားထိပ်ဆုံးမှာ အထက်အောက်ကပ်လျက် အပတ်စဉ်တိုင်း အနိုင် ၃ မှတ်ကို သေချာဖွေရှာရယူကာ ပြေးနေရင်းကနေ ပွဲစဉ် ၂၂ မှာ မီလန်က စပက်ဇီယာကို ၂-၀ နဲ့ ရှုံးလိုက်ပါရောလား။
တစ်ဖက်မှာ အင်တာက လာဇီယိုကို ၃-၁ နဲ့ နိုင်သွားတာကြောင့် အမှတ်ပေးဇယားမှာ မီလန်ဟာ အင်တာကို စတင်ဖယ်ပေးလိုက်ရပါတော့တယ်။
နောက်တစ်ပတ် ပွဲစဉ် ၂၃ အရောက်မှာ မီလန်ဒါဘီ ကစားကြပြန်တော့ မီလန်ကို အင်တာက ဝ-၃ နဲ့ ပြတ်ပြတ်သားသားနိုင်ခဲ့လို့ အမှတ်ထပ်ဖြတ်ပြီး အင်တာက ဇယားထိပ်ဆုံးမှာ ဆက်နေနိုင်ခဲ့တာ အခုအချိန်အထိ ဆိုပါတော့။
ပွဲဆက်တွေများတယ်။ ကစားသမားတွေ ပင်ပန်းတယ်။ ဒါပေမဲ့ အင်တာမီလန်ရဲ့လူမျိုးစုံတပ်ဖွဲ့ကတော့ လုံးဝကို အားမလျော့ခဲ့ကြပါဘူး။
ဘောလုံးအထာနပ်ပြီး အတွေ့အကြုံပြည့်တဲ့သူတွေနဲ့ ကွန်တီက သူ့အသင်းကို အင်အားဖြည့်ထားတယ်။ စိတ်ဓာတ်ခွန်အားထည့်ပေးထားတယ်။
ဘယ်သူတွေ ထွက်သွားကြပါစေဦးတော့၊ လိုအပ်တဲ့သူတွေကို အရခေါ်ထားနိုင်တဲ့အရှိန်ကြောင့် အင်တာမီလန်က အရှိန်မလျော့ဘဲနဲ့ ခရီးဆက်နိုင်တာပါ။
အထူးသဖြင့် လိုအပ်ရင် လိုအပ်တဲ့နေရာတိုင်းမှာ ဂိုးသွင်းဖို့စောင့်နေတဲ့ တိုက်စစ်သမားနှစ်ယောက်ဖြစ်တဲ့ လူကာကူနဲ့ မာတီနက်ဇ်တို့ အတွဲပါပဲ။
မာတီနက်ဇ်က ငယ်သေးတယ်။ တစ်ခါတစ်ခါ ရမ်းချင်တယ်။ ကြမ်းချင်တယ်။
အပိုတွေလုပ်ပြီး ချွံထွက်ချင်တဲ့ တိုက်စစ်သမား၊ ဒါပေမဲ့ ဂိုးသွင်းပါးနပ်တော့ တစ်ဖက်ကစားသမားတွေက သူ့ဆို လူကာကူလို ကြောက်ကြတယ်။

တစ်ခုရှိတာက အသင်းရဲ့အဓိကလိုအပ်ချက် သွင်းဂိုးတွေကို အဓိက ဖွေရှာနေတာက စီးရီးအေရဲ့ဒီရာသီဂိုးသွင်းဘုရင်စာရင်းမှာ ရှိနေတဲ့ ၁၈ ဂိုးရှင် လူကာကူပါပဲ။
သူ့အားနဲ့ သူ့ကစားနှုန်းက တစ်ချိန်တုန်းက အက်ဒရီယာနိုကို ပြန်သတိရစေတယ်။
နေရာယူတာ၊ ဂိုးရဖို့ တိုးဝင်၊ တွန်းတိုက်တာတွေကအစ အတော်လေးကို မာထန်သူပါ။
ပြေးလမ်းထဲ ဘောလုံးထည့်ပေးလို့ကတော့ သူ့အား၊သူ့အရှိန်နဲ့ အင်ဂျင်ကြီးကြီး ထရပ်ကားကြီး ပါဝါနဲ့ ဟိုင်းဝေးလမ်းမပေါ် မောင်းသွားသလို တွေ့မရှောင်ရဲ့လုပ်အားနှုန်းက အင်တာမီလန်မှာ အခရာကိုကျလို့။
ကွန်တီကလည်း သူ့နေရာနဲ့သူ အင်အားကို အပြည့်ဖြည့်ထားပေးတယ်။ မပျော်တဲ့ အဲရစ်ဆင်လို ကစားသမားကိုတောင် နေရာအပြည့်ပြန်ပေးထားပြီး အသားမကျမှုကို မိနစ် ၉၀ ပေါင်းများစွာနဲ့ ဖာထေးပေးထားသလို ဒါမီယန်လို အငှားချကစားသမားကိုလည်း အသင်းမှာ အံဝင်အောင်ထားပေးထားတယ်။
ပါရီဆစ်၊ ဘရိုဇိုဗစ်၊ ဟာကီမီတို့လို မီးခဲတွေကိုလည်း ကွန်တီက အသက်အရွယ်မကြည့်ဘဲ အံဝင်ဖို့အတွက် ကစားသမားတွေရဲ့မခံချင်စိတ်ကို ဆွပေးထားတယ်။
ခံစစ်မှာတော့ လူကြိုက်များတဲ့သူတွေကို အခြားအသင်း မရောက်သွားအောင် စခရင်နီယာ၊ ဒီဗရစ်နဲ့ လူငယ်ခြေတက်ဖြစ်တဲ့ ဘတ်စတိုနီတို့အတွဲဟာ အင်တာမီလန်မှာတော့ အကောင်းစားနဲ့ နားလည်မှုအရှိဆုံးလို ဖြစ်နေတဲ့ ခံစစ်တန်း ၃ ယောက်ပါပဲ။
အခြားလူတွေထက် ဒီလူစုအဖွဲ့က အသားကျနေတယ်။
ဘာပဲဖြစ်ဖြစ် ဖလားတစ်လုံးရဖို့အတွက် အင်တာမီလန်ကတော့ သူတို့လိုအပ်ချက်တွေကို စီးရီးအေ ဒုတိယအကျော့ကစလို့ စနစ်တကျ ပြန်လည်ဖြတ်ကျော်နေတယ်။

လက်ထဲမှာလည်း စီးရီးအေပွဲတွေကလွဲလို့ ဘာပွဲပိုမှကို မရှိတော့ဘူး။
မျှော်လင့်ချက်ဦးတည်ပြီး သွားရမယ့်လမ်းကလည်း စီးရီးအေသာရှိနေတာဆိုတော့ အခြားပွဲပိုတွေဘက် အာရုံရောက်နေတဲ့ အသင်းတွေထက်တော့ အင်တာမီလန်က အသာရနေတယ်။
ကွန်တီအတွက်လည်း ထွက်ပေါက်တစ်ခုရဖို့ အင်တာမီလန်ကို စကူဒက်တိုဆုဖလားကို ဒီနှစ်မှာ အရယူဖို့ လိုနေတယ်။
အင်တာမီလန်အတွက် မော်ရင်ညိုနောက်ဆုံးယူသွားပေးတဲ့ စကူဒက်တိုဆုဖလားဟာ ၂၀၀၉-၁၀ မှာ ခရီးဆုံးခဲ့တာဖြစ်တယ်။
ဖလား ၃ လုံးရတဲ့နှစ်က လုံးဝအမှတ်တရဖြစ်စေခဲ့တယ်ဆိုတာ အမှတ်ရကြမယ် ထင်တယ်။
အခု အမှတ်ပေးဆုဖလားနဲ့ ဝေးနေတဲ့ ၁၁ နှစ်အကြာမှာ ကွန်တီအစွမ်းနဲ့ အင်တာမီလန် အမှတ်ပေးဆုဖလားကို အရယူပြဖို့ ရှိနေမလားဆိုတာ မီလန်ကို ၄ မှတ်ဖြတ်ချထားစပြုပြီး ခြေမှန်နဲ့ တိုက်စစ်သန်နေတဲ့ အင်တာမီလန်ရဲ့ အနေအထားကို မျှော်ကြည့်မိပြန်တယ်။