
လူတန်တောင်းရဲ့ သစ္စာရှိ တံခါးမှူးကြီး
အသင်းငယ်လေးအဖြစ်
နှစ်ပေါင်းများစွာ
ကျင်လည်ခဲ့ရတဲ့ လူတန်တောင်း
ပရီးမီးယားလိဂ်ဆီ
တန်းတက်လာတဲ့သတင်းက
ဘောလုံးကမ္ဘာရဲ့ ဟော့အဖြစ်ဆုံး
သတင်း။ ဗြိတိန်တင်မက
ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့
မီဒီယာကြီးတွေကတောင် တခုတ်တရ
ဖော်ပြရတဲ့အထိ။ ဒီအသင်းလေးရဲ့
အမြင့်ပျံခရီးက တော်တော်ကို
စိတ်ဝင်စားစရာ ကောင်းတယ်။
ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲမှာ
ခြေချော်သွားတဲ့ ဒေါ့မွန်ရဲ့
သတင်းတွေလိုပဲ ချန်ပီယံရှစ်က
လူတန်ရဲ့ သတင်းတွေကလည်း
ခေါင်းစည်းအမည်းတွေနဲ့
ဟိုက်လိုက်ဖြစ်နေလေရဲ့။
လွန်ခဲ့တဲ့ ၉ နှစ်က အင်္ဂလန်ရဲ့
အောက်တန်းလိဂ်မှာ တည်ရှိနေတဲ့
အသင်းက ပရီးမီးယားလိဂ်လို
ကမ္ဘာကျော်ပြိုင်ပွဲကြီးဆီ
တက်လှမ်းလာပုံက ရင်သပ်ရှုမောစရာ။
National League လို့ခေါ်တဲ့
ပဉ္စမတန်းကနေ လိဂ်-၁၊
လိဂ်-၂၊ ချန်ပီယံရှစ်နဲ့
ပရီးမီးယားလိဂ်ဆီ တက်လှမ်းမှုက
မယုံနိုင်စရာ ကောင်းပါတယ်။
ပရိသတ် တသောင်းစွန်းလေးသာ
ဝင်ဆံ့တဲ့ ကွင်းပိုင်ရှင် လူတန်ဟာ
မနှစ်ကလည်း ချန်ပီယံရှစ်
ပလေးအော့ဖ်အဆင့်ကို
တက်ခဲ့သေးတယ်။ ဒါပေမဲ့
ဟက်ဒါဖီးလ်ကို ရှုံးခဲ့တာကြောင့်
အိပ်မက်က တနှစ်ကြာ စောင့်ဆိုင်းခဲ့ရတာ။
လူတန်အသင်းရဲ့ အမြင့်ပျံခရီးမှာ
ထူးခြားမှတ်တမ်းတခု စိုက်ထူခဲ့သူက
ကွင်းလယ်လူ ပယ်လီရူးဒေါ့အမ်ပန်ဇူ။
၂၀၁၁ က ဝက်စ်ဟမ်းမှာရှိနေတဲ့
အမ်ပန်ဇူဟာ ပရီးမီးယားလိဂ်မှာ
တပွဲမှ မကစားရဘဲ လိဂ်ဖလားမှာ
တပွဲသာ ကစားခွင့်ရခဲ့ပြီး ၂၀၁၃ မှာ
လူတန်ကို အဌားနဲ့ ပြောင်းတယ်။
နောက်တနှစ်မှာ အပြီးသတ်ပြောင်းပြီး
ဒီနေ့အထိ သစ္စာရှိရှိ ကစားခဲ့သူပါ။
အင်္ဂလန်မှာမွေးပြီး ကွန်ဂိုအသင်းအတွက်
ကစားပေးနေတဲ့ အမ်ပန်ဇူဟာ
ဘောလုံးသမိုင်းမှာ ဘယ်သူမှ
မလုပ်နိုင်သေးတဲ့ စံချိန်တခုကို
မနေ့ညက စိုက်ထူနိုင်ခဲ့တာပါ။
ကိုဗင်ထရီကို ပင်နယ်တီ
အဆုံးအဖြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ
သူဟာ အချိန်ပို ၉၈ မိနစ်ကျမှ
လူစားဝင်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာ
ကန်ခွင့်မရပေမယ့်လည်း ဆုဖလား
ကိုင်မြှောက်ခွင့်ရခဲ့တယ်။
လက်ရှိ လူတန်အသင်းသားတွေထဲ
သူက ဝါအရင့်ဆုံးပဲ။
National League ကနေ
ပရီးမီးယားလိဂ်အရောက် အတန်း
၅ တန်းအထိ တက်ရောက်လာမှုမှာ
သူက သစ္စာရှင်ကြီးပေါ့။
ဘယ်သူကမှ သူ့လောက်
လူတန်အပေါ် သစ္စာတရား
မထားနိုင်ခဲ့ဘူး။ ရေကြည်ရာ
မြက်နုရာဆီ တယောက်ပြီးတယောက်
ပြောင်းသွားခဲ့ပေမယ့်လည်း
အမ်ပန်ဇူကတော့ Kenilworth Road ကို
ဖက်တွယ်ထားတုန်း။
အခုတော့ သူဟာ
အသင်းတသင်းတည်းနဲ့အတူ
အောက်တန်းလိဂ်ကနေ
ပရီးမီးယားလိဂ်အထိ အဆင့်ဆင့်
တက်လှမ်းနိုင်တဲ့ ပထမဆုံး
ကစားသမား ဖြစ်လာခဲ့တယ်။
ပရီးမီးယားလိဂ်ကနေ
အောက်တန်းလိဂ်၊ အောက်တန်းလိဂ်ကနေ
ပရီးမီးယားလိဂ်ဆီ ရိုလာကိုစတာလို
အနိမ့်အမြင့် အတက်အကျတွေနဲ့
ကျော်လွှားခဲ့တဲ့ အမ်ပန်ဇူရဲ့
အတွေ့အကြုံတွေကလည်း
ယူတတ်ရင် အကျိုးကျေးဇူး
ရလာနိုင်တယ်။
အထူးသဖြင့် လူငယ်တွေပေါ့။
၂၉ နှစ်အရွယ် ကစားသမားတောင်
အရှုံးမပေး စိတ်မပျက်ဘဲ
ရုန်းကန်ခဲ့ရတာ။ ငါတို့လည်း
သူ့လိုကြိုးစားရင် ဘာလို့
ဖြစ်မလာနိုင်ရမှာလဲပေါ့။ ဒါက
အမ်ပန်ဇူကြောင့် ဖြစ်လာနိုင်တဲ့
ဘဝနေနည်း အကျိုးတရားတွေပဲ။
ကိုဗင်ထရီနဲ့ပွဲအပြီး
ဝင်ဘလေကွင်းကြီးထဲ
သူပြောခဲ့တဲ့ စကားတခွန်းရှိတယ်။
လူတန်အတွက် ၃၆၃ ပွဲကစားပြီး
၂၃ ဂိုးသွင်ထားသူရဲ့ နှုတ်ထွက်စကား။
“ကျွန်တော့်ရဲ့ ဘောလုံးခရီးက
ပြီးပြည့်စုံသွားပြီလို့ ထင်ပါတယ်။
အနားယူလို့တောင် ရပါပြီ။
အနိမ့်အမြင့် အတက်အကျတွေနဲ့
ကြုံခဲ့ရပြီးပြီ။ ဒါပေမဲ့
ခင်ဗျား ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိရမယ်။ အဲဒီအတွက်
ကျွန်တော် ဒီမှာရှိနေတယ်”