
လာပေါ်တာ ဆွဲဖွင့်လိုက်တဲ့ ဘာစီလိုနာနဲ့ မက်ဆီ ငြိမ်းချမ်းရေးတံခါး
ထွန်းထွန်းဦး(လှိုင်)
သူ့ကိုကြည့်လိုက်တော့ မတွေ့တာကြာလို့လားမသိ …
ဆံပင်တွေဖြူဖွေးပြီး တစ်ခါက ခန့်ညားတည်ကြည်ခဲ့တဲ့ ရုပ်ရည်တွေတောင် ဇရာတိုက်စားမှုအောက်မှာ အိုမင်းသွားခဲ့တယ်။
ပြီးတော့ လူလည်း ပြည့်ပြည့်ဖောင်းဖောင်း ဖြစ်လာသလို လူလတ်ပိုင်း ကနေပြီး လူကြီးပိုင်းအသွင်ကို ဆောင်လာခဲ့တယ်ဆိုတာ မျက်နှာပေါ်က အရေးအကြောင်းများက သက်သေပြနေခဲ့တယ်။
ဟုတ်တော့လည်း ဟုတ်ပါတယ်။ အချိန်တွေကလည်း ကြာမြင့်ခဲ့ပြီဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့လေ။
သူဟာ ဘာစီလိုနာ ဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့တာက ၂၀၁၀ မှာဆိုတော့ အချိန်သက်တမ်းက ၁၀ နှစ်ကျော်ကြာခဲ့ပြီဖြစ်လို့ အဲ့ဒီ ၁၀ နှစ်တာ အချိန်အတိုင်းအတာအတွင်းမှာ လူတစ်ယောက်ရဲ့အပြောင်းအလဲဟာ ဒီလောက်တော့ ရှိမှာပေါ့နော်။
အခု လာပေါ်တာ ဘာစီလိုနာ ပြန်လာပြီ။ တစ်ကျော့ပြန် ဘာစီလိုနာကို ပြန်ရောက်လာချိန်မှာ သူ့အနေနဲ့ ဘာတွေကို ပြောင်းလဲမလဲ၊ ဘာတွေနဲ့ အစားထိုးပြီး အသစ်တစ်ခုကို တင်သွင်းလာမလဲ။
ယိုဟန်လာပေါ်တာလာရင် အသစ်တစ်ခုခုက ပါလာစမြဲဖြစ်လို့ ဘာစီလိုနာ ဘောလုံးအသင်းရဲ့ဖရိုဖရဲဆန်နေမှုကို စနစ်တကျနဲ့ စီစီရီရီဖြစ်အောင်လို့ ပြန်တည့်မတ်နိုင်မလားဆိုတာ ကြည့်ရမယ်။
ဒုတိယတစ်ကြိမ် ဘာစီလိုနာဥက္ကဋ္ဌအဖြစ် ပြန်ရောက်လာခဲ့တဲ့ လာပေါ်တာ အတွက်တော့ စိန်ခေါ်မှုတွေက အသင့်စောင့်ကြိုနေပြီ ဖြစ်တယ်။ ဘာတွေနဲ့ ဘာစီလိုနာရဲ့ဂုဏ်သတင်းမွှေးပျံ့အောင်လို့ တည်ဆောက်ပေးမလဲဆိုတာ ကြည့်ချင်နေမိတယ်။

လူတိုင်းကလည်း ဘာစီလိုနာရဲ့အသွင်အပြင်ကို ပြန်တည်ငြိမ်စေချင်သလို ဥက္ကဋ္ဌအသစ်ဖြစ်လာတဲ့ တစ်ကျော့ပြန် လာပေါ်တာရဲ့စီမံခန့်ခွဲမှုများနဲ့အတူ အောင်မြင်ရေးလမ်းကြောင်းပေါ် ပြန်ရောက်စေချင်ကြပြီ ဖြစ်တယ်။
လာပေါ်တာကတော့ ဘာစီလိုနာဥက္ကဋ္ဌအဖြစ် ပြိုင်ဘက်တွေကို မဲအပြတ်အသတ်နဲ့ နိုင်ခဲ့တာဖြစ်တယ်။
စစ်တမ်းများအရ လာပေါ်တာကို ဘာကာဥက္ကဋ္ဌအဖြစ် ဆန္ဒမဲထည့်ဝင်သူပေါင်း ၅၇.၆ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဒုတိယနေရာမှာ ဗစ်တာဖောင့်က ၃၁.၈ ရာခိုင်နှုန်းအထိ မဲရခဲ့တယ်။ တတိယနေရာမှာတော့ တိုနီဖရေးရှားကို မဲထည့်ဝင်သူပေါင်း ၉.၁ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတစ်ခါမှာတော့ လာပေါ်တာဟာ မဲအပြတ်အသတ်နဲ့ ဘာစီလိုနာဥက္ကဋ္ဌဖြစ်လာတယ်။
(လာပေါ်တာအနေနဲ့ ရှင်းရမယ့် လင်းရမယ့်ကိစ္စတွေက မနည်းပါဘူး။ အကြွေးပိနေတဲ့ ဘာစီလိုနာ ငွေရေးကြေးရေးကိစ္စ၊ ဆုဖလားကြီးတွေနဲ့ ဝေးနေတဲ့ ကိစ္စတွေအပြင် မက်ဆီလို အထင်ကရ ဘောလုံးသမားတစ်ယောက် အသင်းကို မစွန့်ခွာသွားရေး အပိုင်းတွေကိုပါ သူကိုင်တွယ်ရဖို့ ရှိနေတယ်လို့ အပေါ်ယံအားဖြင့် ဆိုရပါလိမ့်မယ်)
သူကလည်း ရွေးကောက်ပွဲ မတိုင်ခင်မှာတည်းက မဲဆွယ်မှုအဖြစ် သူသာ ဘာစီလိုနာ ဥက္ကဋ္ဌဖြစ်ခဲ့မယ်ဆိုရင် မက်ဆီကို ဘာစီလိုနာမှာ ဆက်နေစေဖို့ အာမခံကြောင်းကို ပြောခဲ့တဲ့သူပါ။
ဘာစီလိုနာ ဘောလုံးအသင်း ပြဿနာကလည်း အဲ့ဒါပါပဲ။ ဘာကာပရိသတ်များရဲ့အချစ်တော် မက်ဆီတစ်ယောက် ဒီရာသီကုန်ရင် စာချုပ်စေ့ပြီဖြစ်လို့ အသင်းပြောင်းကစားဖို့ သတင်းတွေမှာ ဖြစ်နေတယ်။

အားလုံးသိကြတဲ့အတိုင်း မက်ဆီဟာ ငယ်မွေးခြံပေါက် ဘာကာအသင်းကနေ စွန့်ခွာရမယ့် အကြောင်းကိစ္စတွေကလည်း ဆန်ဒရို ရိုဆဲလ် ဘာစီလိုနာဥက္ကဋ္ဌ ဖြစ်လာတဲ့အချိန်ကနေ ဘာတိုမြူ ဥက္ကဋ္ဌသက်တမ်း ဆုံးခန်းတိုင်သွားတဲ့ ခေတ်အထိ နှစ်အလိုက် မက်ဆီတစ်ယောက် ဘာစီလိုနာက ထွက်မယ်ဆိုတဲ့သတင်းတွေ နားနဲ့မဆန့်အောင် ကြားခဲ့ဖူးတယ်။
မနှစ်ကစလို့ ဘာတိုမြူရဲ့လူတိုင်းသဘောမကျတဲ့ မူတစ်ခုကြောင့် မက်ဆီနဲ့ ဘာစီလိုနာ လမ်းခွဲရမယ့်ဇာတ်လမ်းဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ အားကစား သတင်းစာမျက်နှာများမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ရတဲ့အထိပါပဲ။
ငွေကြေး အခက်အခဲကိစ္စတွေကို ခေါင်းတည်ပြီးတော့ ကစားသမားကောင်းတွေကို ရောင်းချခဲ့တဲ့အထိ ဘာစီလိုနာရဲ့အစုအစည်းက လုံးဝကို ပြတ်တောက်သွားခဲ့တဲ့အချိန်တွေက ကိုဗစ်ကာလအတွင်းမှာ မြင်မကောင်းခဲ့သ လို မက်ဆီတစ်ယောက် မျက်ရည်ပေါက်ပေါက်ကျပြီး အင်တာဗျူးတွေ ဖြေရတဲ့အထိ သူနဲ့ ဘာစီလိုနာကြားမှ အက်ကြောင်းတွေက လူတိုင်းရင်ကို ထိရှစေခဲ့တဲ့ ဇာတ်လမ်းတွေဖြစ်ခဲ့တယ်။

အခုတော့ အဲ့ဒါတွေ ဇာတ်သိမ်းချိန် ရောက်သွားပါပြီ၊ မုန်တိုင်းစဲလို့ ရောင်နီကို ကြိုချိန်ရောက်ခဲ့ပြီလို့တောင် အားလုံးက ထင်မြင်ထားကြတယ်။ ဘာတွေဆက်ဖြစ်လာမလဲ။
လာပေါ်တာ ပြောထားခဲ့တဲ့အတိုင်း မက်ဆီတစ်ယောက် သူသိပ်ချစ်တဲ့ ဘာစီလိုနာမှာ ဆက်နေမလားဆိုတာ ကြည့်ရမယ်။
လာပေါ်တာဟာ မသေချာရင် ဘာမှမလုပ်တဲ့ လူစားမျိုးဆိုတော့ မက်ဆီတစ်ယောက် ဘာစီလိုနာမှာဆက်နေဖို့ လာပေါ်တာဘက်က အပိုင်သေချာနေလို့သာ သူ့အနေနဲ့ ပြောရဲဆိုရဲရှိခဲ့တာ ဖြစ်တယ်။
မက်ဆီနဲ့ လာပေါ်တာဆိုတာကလည်း အလုပ်ကိစ္စနဲ့တင် ပတ်သက်နေခဲ့တာမဟုတ်သလို လူမှုရေးအရလည်း အပြင်မှာ ပတ်သက်ခင်မင်ပြီး မိတ်ဆွေတွေလို ရှိနေခဲ့ကြသူတွေပါ။
(လာပေါ်တာတစ်ယောက် ဘာစီလိုနာဥက္ကဋ္ဌသစ် ဖြစ်လာတော့လည်း မက်ဆီက မက်ဆေ့ချ်လှမ်းပို့ပြီး ဝမ်းသာသတင်း ပါးခဲ့တယ်ဆိုတဲ့အကြောင်းလည်း ဖတ်လိုက်ရတယ်)
ဒါကြောင့်လည်း အခုအချိန်မှာ လာပေါ်တာဟာ မက်ဆီအရေးနဲ့ ပတ်သက်ပြီးတော့ အားလုံးကို တရားဝင်ပြောချလိုက်တာက မက်ဆီကို ဘာစီလိုနာကနေ ဘယ်သူမှ ဆွဲထုတ်လို့ မရစေရဘူး ဆိုတာပါပဲ။

မက်ဆီနဲ့ ဘာစီလိုနာ စာချုပ်သစ်ကိစ္စကို မက်ဆ့ီဖခင်နဲ့ ဆွေးနွေးထားပြီးပြီလို့ သိရပါတယ်။ တရားဝင်ဖြစ်ဖို့ အချိန်စောင့်နေတယ်လို့ သိရတယ်။
ဘာမဆိုဖြစ်နိုင်ပါတယ်ဆိုတဲ့ သူ့စကားက အတော်လေးကို တာသွားတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း မက်ဆီနဲ့ပတ်သက်ပြီးတော့ လာပေါ်တာ ပြောခဲ့တာ ရှိတယ်။
အဲ့ဒါကတော့ မက်ဆီဆိုတဲ့ ကစားသမားဟာ ငွေကြောင့်ရှင်သန်နေတဲ့သူ မဟုတ်သလို ဘာစီလိုနာအတွက် အောင်ပွဲတွေ ရယူပေးဖို့သာ စိတ်ကူးထဲ အမြဲထည့်ထားသူ ဖြစ်တယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့သလို သူနဲ့မက်ဆီကြားက ရင်းနှီးမှုကလည်း မိတ်ဆွေရင်းချာများလို ရှိတယ်ဆိုတာ ပြောပြခဲ့ သွားဖူးတယ်။
ဒီတော့ မက်ဆီဟာ လာပေါ်တာကြောင့် ဆက်ရှိနေမယ့် ကိစ္စကြီးဟာ လူတိုင်းရင်ထဲမှာ စိတ်အေးစေမယ့် ပြဿနာတစ်ခုရဲ့အဖြေဖြစ်လာခဲ့ပြီ မဟုတ်ပါလား။

အဲ့ဒါအပြင် တစ်ဖက်မှာလည်း ဈေးကြီးကြီးပေးပြီးတော့ ကမ်းလှမ်းထားတဲ့ အသင်းတွေထဲက မန်စီးတီးနဲ့ ပီအက်စ်ဂျီကိုတောင် နောက်ပြန်လှည့်လိုက်တော့ဆိုပြီး လာပေါ်တာက တရားဝင်သတင်းတွေမှာ ပြောခဲ့ပြီးပြီဖြစ်တယ်။
မက်ဆီအနေနဲ့လည်း ပြုံးပျော်စွာ ဘာစီလိုနာဥက္ကဋ္ဌအသစ် ရွေးချယ်ပွဲမှာ ဆန္ဒမဲပေးဖို့ သူ့သားလေးနဲ့အတူလာပြီး မဲထည့်နေပုံကို သတင်းစာမျက်နှာများမှာ တွေ့ခဲ့ကြပြီးဖြစ်လို့ ဘာကာနဲ့ မက်ဆီပုံပြင်ဟာ လာပေါ်တာ ဘာစီလိုနာ ဥက္ကဋ္ဌအသစ်ဖြစ်လာချိန်မှာ အားလုံးပြီးဆုံးခဲ့ပြီဖြစ်တယ်။
ဟုတ်ပါတယ်။ ၃၃ နှစ်သားတစ်ယောက်ရဲ့စိတ်မချမ်းမြေ့စေမယ့် အိပ်မက်ဆိုးတွေကို လာပေါ်တာ ရှင်းလင်းလိုက်ပြီဖြစ်တယ်။
ဒီတော့ လာပေါ်တာအနေနဲ့ ဘာကာကို တစ်ကျော့ပြန်လာချိန်မှာ ဇရာကို ရင်ဆိုင်အံတုနေတဲ့ မက်ဆီကို အသုံးချပြီး ဘာစီလိုနာ အောင်မြင်ရေးလမ်းစများကို ဘယ်လိုမျိုးများ ပြန်ယူပြမလဲဆိုတာ ကြည့်ရမယ်။
တစ်ခါက လာပေါ်တာ ဥက္ကဋ္ဌအဖြစ် ဘာစီလိုနာကို ကိုင်တွယ်နေရချိန်မှာ ရီကတ်၊ ရော်နာဒင်ညို၊ အီတူးတို့အပြင် အကယ်ဒမီက အင်နီယေစတာနဲ့ မက်ဆီတု့ိလို လူငယ်တစ်သိုက်ကို ဆွဲခေါ်ချလာပြီး အောင်မြင်မှုဆုဖလားတွေကို အမိအရသိမ်းပိုက်ခဲ့သလိုမျိုး အခုတစ်ကြိမ်မှာ ထပ်လုပ်ပြနိုင်မလား ဆိုတာ အားလုံးနဲ့အတူ မျှော်ဖြစ်ပြန်တယ်။
လောလောဆယ်မှာတော့ လာပေါ်တာရှင်းထုတ်ရမယ့် ဘာစီလိုနာရဲ့သန်းပေါင်းများစွာသော အကြွေးပိနေတဲ့ကိစ္စတွေ ဘေးချထားသလို အသင်းမှာရှိနေတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ လူငယ်အကယ်ဒမီ အားကစားအသင်းများထံသွားပြီး တွေ့ဆုံစကားပြောရင်း သူပြန်ရောက်လာတဲ့အကြောင်းကို မီဒီယာကတစ်ဆင့် မိတ်ဆက်သတင်းပါးနေကြောင်းပါ ခင်ဗျာ။