
ရေခဲရေရောင်းဖူးတဲ့ နေပယ်သူရဲကောင်း
ဘဝ
စာလုံးက နှစ်လုံးတည်း။
ဘဝကို အေးအေးဆေးဆေး
ဖြတ်သန်းခဲ့ရသူတွေ ရှိသလို
ထမင်းတလုတ်စားရဖို့
မိုးလင်းကနေ မိုးချုပ်
ရုန်းကန်နေရသူတွေလည်း
အများကြီးပါ။ ဘဝကို
ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရသူတွေ
အတွက်ကတော့ နာကျင်ခြင်းကို
အရင်းပြုပြီး မြင့်မားတဲ့
ဘဝတခုကို ထူထောင်နိုင်သူတွေ
အများကြီး ရှိပါတယ်။
သူတို့တွေက ဘဝတူ
လူငယ်တွေအတွက်တော့
အလွန်လေးစားရတဲ့
ဟီးရိုးတွေပေါ့။ နာပိုလီတိုက်စစ်မှူး
ဗစ်တာအိုဆီမန်ရဲ့ ငယ်ဘဝက
အာဖရိကတိုက်က ဆင်းရဲနွမ်းပါး
ကလေးငယ်တွေလိုပဲ ကြမ်းတမ်းခဲ့တယ်။
နိုင်ဂျီးရီးယားမြို့တော်ဟောင်း
လာဂို့စ်မှာမွေးဖွားခဲ့တဲ့ အိုဆီမန်ဟာ
ငယ်ငယ်ကတည်းက ဖခင်ကို
ဆုံးရှုံးခဲ့ရသူပါ။
မွေးချင်း ၆ ယောက်ထဲမှာ အငယ်ဆုံး။
မိခင်က မုဆိုးမဘဝနဲ့ သားသမီးတွေကို
ဆင်းဆင်းရဲရဲနဲ့ ရှာဖွေကျွေးမွေးခဲ့တာပါ။
လာဂို့စ်ရဲ့ လမ်းဆုံလမ်းခွတွေမှာ
ရေသန့်ထုပ်လေးတွေရောင်းပြီး
ကလေးတွေကို သမ္မာအာဇီဝကျကျ
ရှာဖွေစားသောက်ရမယ်ဆိုတဲ့
စိတ်ကို ငယ်ငယ်ကတည်းက
ရိုက်သွင်းပေးခဲ့ပါတယ်။ စားအိုးက
ကြီးတော့ အိုဆီမန်တို့လည်း
ငွေရှာရတော့တာပေါ့။ မိခင်ဖြစ်သူ
ကွယ်လွန်သွားချိန်မှာတော့
သူတို့ဘဝက ပိုပြီးကြမ်းတမ်းခဲ့တာပေါ့။
အစ်ကိုဖြစ်တဲ့ အင်ဒရူးက
ဘောလုံးပါရမီကောင်းပြီး ပရို
ကစားသမားဖြစ်ဖို့ ရည်မှန်းထားခဲ့တာပါ။
ဒါပေမဲ့ အငယ်တွေရဲ့အနာဂတ်ကို
ငဲ့ပြီး ဘောလုံးမကစားတော့ဘဲ
သတင်းစာရောင်းတဲ့ဘဝကို
ရွေးချယ်ခဲ့ပါတယ်။
“အကိုက အားကစားသတင်းစာ
ရောင်းတယ်။ အစ်မနဲ့ ကျွန်တော်က
လမ်းမတွေပေါ် လိမ္မော်သီးနဲ့
ရေသန့်ရောင်းတယ်။ ကြမ်းတမ်းတဲ့
ဘဝကို ကျွန်တော်တို့ အတူ
ဖြတ်သန်းခဲ့ကြတယ်။ ညနေဆိုရင်
စျေးရောင်းလို့ရလာတဲ့ ပိုက်ဆံတွေကို
စားပွဲပေါ်ချပြီး ရေကြတာပေါ့။
ပိုက်ဆံအားလုံး အစ်မကြီးကို
ပေးတယ်။ သူက ကျွန်တော်တို့
စားဝတ်နေရေးနဲ့ အရာအားလုံးအတွက်
စီစဉ်ပေးတယ်လေ။ ကျွန်တော့်ဘဝရဲ့
တစိတ်တပိုင်းက ရှင်သန်ဖို့အတွက်
ရုန်းကန်ခဲ့ရတယ်။ ဒါပေမဲ့
ဒီနေ့မှာတော့ အဲဒါတွေက ပြီးဆုံးသွားပြီ။
ဒါတွေအားလုံးကို အမျိုးအစားခွဲဖို့
ခက်ပေမယ့် ဖြစ်စဉ်တိုင်းက
ကျွန်တော့်ရဲ့ဘဝကို ဖန်တီးပေးခဲ့ပါတယ်”
ဒီလိုခက်ခဲတဲ့ဘဝကို ဘောလုံးနဲ့
ကျော်ဖြတ်ဖို့ သူ ကြိုးစားခဲ့တယ်။
ပါရမီရှင်ဆိုတော့လည်း ကင်းထောက်တွေက
လိုက်ကြည့်ပြီး နိုင်ဂျီးရီးယား ယူ-၁၇
အတွက် ခေါ်ယူခဲ့တယ်။ ၂၀၁၅ ဖီဖာ
ယူ-၁၇ ကမ္ဘာ့ဖလားမှာ နိုင်ဂျီးရီးယား
ချန်ပီယံဖြစ်တော့ သူက ၁၀ ဂိုးသွင်းပြီး
ရွှေဖိနပ်ဆုပါ ရယူနိုင်ခဲ့တာပါ။
ဝုဖ်ဘတ်နဲ့ ပရိုဘဝစတင်တဲ့ အိုဆီမန်ဟာ
ချာလီရွိုင်း၊ လိုင်လီတို့မှာကျင်လည်ပြီး
၂၀၂၀ မှာ နာပိုလီကို ကလပ်စံချိန်တင်
ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ နဲ့
ပြောင်းခဲ့တယ်။
ခေါင်းတိုက်ကောင်းတယ်၊ မြန်တယ်။
ကျွမ်းကျင်မှုလည်းရှိ၊ အကွက်လည်းမြင်တယ်။
ဒါကြောင့်လည်း ဒီရာသီမှာ စီးရီးအေ
ဂိုးသွင်းဘုရင်အဖြစ်နဲ့ စကူဒက်တိုဖလားကြီးကို
ရယူပေးခဲ့တယ်။ သူရဲ့အိပ်မက်တွေလည်း
ပြည့်မြောက်သွားပြီပေါ့။
ကျွန်တော် ငယ်ငယ်က စာကောင်းကောင်း
မသင်ခဲ့ရဘူး။ အာဖရိက ကလေးငယ်တွေကို
ကျောင်းထားပေးချင်တယ်။ ဒါက
ကျွန်တော် အလုပ်ပေးချင်ဆုံး ဆန္ဒပဲ
မာရာဒိုနာလို နေပယ်သူရဲကောင်း
ဖြစ်လာသူရဲ့ ရင်ဖွင့်သံပေါ့။
သူ လုပ်ပေးနိုင်ပြီလေ