ဒဟေးယားရဲ့ အိုးလ်ထရက်ဖို့ဒ် နေဝင်ချိန်လား

အသင်းတသင်းမှာ နေရာစုံက
ကောင်းနေဖို့လိုတယ်။ တနေရာက
ကောင်းပြီး တနေရာက ဖရိုဖရဲ
ဖြစ်နေရင် အဲဒီအသင်း
ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။
အိမ်ထောင်တခုနဲ့ ပမာနှိုင်းရရင်
တိုက်စစ်မှူးတွေက အိမ်ထောင်
ဦးစီးလို့ ဆိုရမလားပဲ။ ဂိုးသမားက
အိမ်ထောင်ရှင်မပေါ့လေ။

အိမ်ထောင်ဦးစီး ရှာလို့ရသမျှကို
အိမ်ရှင်မက မကုန်သင့်တာ
မကုန်ရအောင်၊ အလေအလွင့်မရှိအောင်
ထိန်းသိမ်းရတာ။ အဲလိုမဟုတ်ဘဲ
စီးတဲ့ရေ ဆယ်တဲ့ကန်သင်းလို
မဖြစ်ဘဲ ရှာသမျှကို ထိုင်ဖြုန်းနေရင်
ဘာဖြစ်လာမလဲဆိုတာ ကလေးတောင်
သိပါတယ်။ ခေါင်ကစပြီး မိုးမလုံမှတော့
သွားပြီပေါ့။

ဘာမှမဟုတ်ဘူး။ မန်ယူနိုက်တက်
ဂိုးသမား ဒေးဗစ်ဒဟေးယားအကြောင်း
စဉ်းစားမိပြီး တွေးဖြစ်တာလေးပါ။
အားလုံး သိတဲ့အတိုင်း ဝက်စ်ဟမ်းကို
ရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်ဟာ
ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ နောက်ဆုံးအချိန်ထိ
ရုန်းကန်ရတော့မှာပါ။ ဒီလိုဖြစ်အောင်
အဓိကနေရာက ပါဝင်ကပြခဲ့သူက
ဒဟေးယား။

၁၁ ယောက်ချင်း ယှဉ်ရတဲ့ပွဲမှာ
ဂိုးသမားတယောက်အပေါ်ပဲ အလုံးစုံ
အပြစ်ပုံချတယ်ဆိုတာ တကယ်တော့
မတရားပါဘူး။ ဒါပေမဲ့လည်း
စပိန်သားရဲ့ အမှားက ခွင့်လွှတ်နိုင်စရာ
မရှိတဲ့ အမှား။ ဘန်ရာမာကန်တဲ့
ဘောလုံးက ဘာ Speed မှ မပါဘူး။
ပျော့ပျော့လေး။ အဲဒါကို
ဆရာသမားက လှဲအိပ်ဖမ်းတာ
သူ့လက်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာပါ။

တကယ်ဆို ဘန်ရာမာ ဆွဲယူလာတာကို
ပြေးဝင်မဖျက်ဘဲ အနားကနေ
ပတ်လည်ဝိုင်းလိုက်နေတဲ့ လုခ်ရှော၊
ဘစ်ဆာကာ၊ လင်ဒီလော့ဖ်တို့ရဲ့
အပြစ်လည်း မကင်းပါဘူး။ တကယ်ဆို
သူတို့က အဆွဲမခံဘဲ ဖျက်ထုတ်နိုင်ခဲ့ရင်
ဘောလုံးက ဒဟေးယားဆီတောင်
ရောက်လာစရာ အကြောင်းမရှိပါဘူး။
အခုတော့ နောက်ဆုံးခုခံသူဖြစ်တဲ့
ဂိုးသမားဆီမှာသာ အပြစ်တွေ
ပုံလာတာပေါ့။

မပြေးသော်လည်း ကန်ရာရှိ
ဆိုသလိုပါပဲ။ ဒဟေးယားကလည်း
ဒဟေးယားပဲ။ ဒီရာသီမှာ အခုလို
မပေးသင့်တဲ့ အမှားကနေ ပေးလိုက်ရတဲ့
ဂိုးက ၄ ဂိုးအထိ ရှိလာပါတယ်။
စပါးဂိုးသမား ဟူဂိုလိုရစ်နဲ့အတူ
အမှားအလုပ်ဆုံး ဂိုးသမားအဖြစ်
ရပ်တည်နေတယ်။ တကယ်ဆို
လက်ရှိ ယူနိုက်တက်တပ်သားတွေထဲ
ဖီးလ်ဂျုံးစ်နဲ့အတူ ဝါအရင့်ဆုံးဖြစ်တဲ့
ဒဟေးယားအတွက် ဒီလိုဖြစ်စဉ်တွေက
ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

ယခုရာသီအကုန်မှာ စာချုပ်ပြည့်တော့မယ့်
သူ့အတွက် အနုတ်လက္ခဏာတွေပါ။
နည်းပြအဲရစ်တန်းဟက်ဂ်ကသာ
မီးနီပြခဲ့ရင် အသင်းဘက်ကလည်း
ဒဟေးယားဘက်က ရှေ့နေလိုက်ဖို့
မရှိပါဘူး။ နောက်ပြီး သူ့ရဲ့ တပတ်လစာ
ပေါင် ၃၇၅၀၀၀ ကို လျှော့ချချင်နေတဲ့
ယူနိုက်တက်အတွက် ချက်ကောင်း
ဖြစ်သွားနိုင်တယ်။ ပီတာခရောက်ချ်၊
ဂျာမိန်းဂျီးနပ်စ်စတဲ့ ကစားသမားဟောင်းတွေက
ဒဟေးယားရဲ့ အမှားက ခွင့်လွှတ်နိုင်စရာ
အကြောင်းမရှိဘူးလို့ ဝေဖန်ထားကြတယ်။

ဒဟေးယားနဲ့ အတူတွဲကစားဖူးတဲ့
ရီယိုဖာဒီနန်ကတောင် မကြုံစဖူး
ဝေဖန်ခဲ့တယ်ဆိုတော့ ထူးခြားပါတယ်။

“ဒါတကယ်ဆိုးရွားလွန်းတဲ့ အမှားပဲ။
အဲဒီအတွက် သူ တာဝန်အပြည့်အဝ
ယူရပါလိမ့်မယ်” တဲ့။
ဖာဒီနန်ကြီးက သူ့ညီငယ်လို
ခင်ခဲ့ဖူးတဲ့ ဒဟေးယားကို ဝေဖန်ခဲ့တာ။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ
Clean Sheets ၁၅ ပွဲအထိ ရယူထားတဲ့
ဒဟေးယားအတွက် ဝေဖန်မှုတွေက
မျှတသလား၊ မမျှတဘူးလားဆိုတာတော့
ပြောရခက်ပါတယ်။ ဒါပေမဲ့လည်း
ဆိုရိုးစကား တခုရှိပါတယ်။

ကိုယ်စိုက်တဲ့အပင်က အသီးကို
ကိုယ်တိုင် ရိတ်သိမ်းရတယ်တဲ့

Facebook Comments Box
Facebook Comment