
ထရီလျံနာတွေ ဘာလိုချင်နေတာလဲ
ဆော်ဒီကတော့ ငွေသုံးပြီး
ကမ္ဘာကျော်တွေကို
တယောက်ပြီးတယောက်
ခေါ်ဖို့ လုပ်ဆောင်နေပြန်ပါပြီ။
အရှေ့အလယ်ပိုင်းက
ရေနံတွင်းတွေပေါ် ဖင်ခုထိုင်ထားတဲ့
သူကြွယ်ကြီးတွေဟာ
နိုင်ငံပုံရိပ်ကို ဘောလုံးနဲ့
မြှင့်တင်ချင်နေတာပါ။
ငွေကို လေလိုသုံးပြီး
ကြိုက်တဲ့ ကစားသမားကို
ခေါင်းခေါက်ခေါ်မယ်ဆိုတဲ့
အထာနဲ့ပေါ့။
တကယ်တော့ ဆော်ဒီ
လက်ရွေးစင်အသင်းကို
ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး
ပရိသတ်တွေသိထားတာ
ဘာကြာသေးလို့လဲ။
အမေရိကန်မှာကျင်းပတဲ့
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ဘယ်လ်ဂျီယံဘက်ကို
တကိုယ်တော်အစွမ်းနဲ့
ဂိုးသွင်းခဲ့တဲ့ အယ်အိုဝေရန်ကြောင့်
လူတွေက စသတိထားမိခဲ့တာ။
ပထမဆုံး ဝင်ပြိုင်ခွင့်ရတဲ့
၁၉၉၄ ပြိုင်ပွဲမှာ ဆော်ဒီက
၁၆ သင်းအဆင့်ထိ တက်နိုင်ခဲ့တယ်။
ဒီနောက်ပိုင်း ဆော်ဒီက
၂၀၁၀ နဲ့ ၂၀၁၄ ကလွဲလို့
ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ
ဝင်ပြိုင်ခွင့်ရခဲ့တယ်။
၂၀၂၂ ကဆို အာဂျင်တီးနားကိုတောင်
အနိုင်ကစားခဲ့သေးတာပါ။
လက်ရွေးစင်အဆင့်မှာ ဆော်ဒီက
အာရှထိပ်တန်း၊ လူရိုသေ ရှင်ရိုသေ
အဆင့်ဆိုပေမယ့်လည်း
ပြည်တွင်းလိဂ်ကတော့
ဒေသတွင်းမှာတောင် ဂျပန်၊
ကိုရီးယားလိဂ်တွေလောက်
လူသိမများပါဘူး။
ဒါကြောင့် ရေနံသူဌေးတွေဟာ
ဒီရာသီမှာ စီရော်နယ်ဒိုကို
ကမ္ဘာ့စံချိန်တင် လစာပေးပြီး
ခေါ်လိုက်တယ်။ သူ့ကြောင့်လည်း
အရှေ့အလယ်ပိုင်းလိဂ်ကို
သတိထားမိသူတွေ၊
စောင့်ကြည့်သူတွေ တိုးလာခဲ့တယ်။
သူရောက်မလာခင်နဲ့ ရောက်လာပြီးချိန်
လူသိများမှုက အဆပေါင်းရာချီ
တိုးတက်လာခဲ့တယ်။
အခုလည်း ဆော်ဒီဟာ
ရီးရဲလ်အသင်းခေါင်းဆောင်
ဘန်ဇီးမားနဲ့ မော့ဒရစ်တို့ကို
ခေါ်ဖို့ လုပ်နေတယ်။
နှစ်ယောက်စလုံးကို တနှစ်လစာ
ယူရိုသန်း ၁၀၀ ကျော်ပေးမယ်။
လိုချင်တဲ့အရာပြော စိတ်တိုင်းကျ
ဖြည့်ဆည်းပေးမယ်လို့
မက်လုံးပေးထားတယ်။
စာရွက်ပေါ် လက်မှတ်လေး
တချက်သာထိုးပေး။ ကျန်တာကို
သူတို့က ဖြည့်ဆည်းပေးမယ်ဆိုပဲ။
ဒီမတိုင်မီကလည်း မက်ဆီကို
ရော်နယ်ဒိုရဲ့ လစာထက်
ပိုပေးမယ်ဆိုတဲ့ သတင်းတွေတောင်
ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့သေးတာပေါ့။
ဆော်ဒီက ဘာကြောင့် ဒီလိုလုပ်နေတာလဲ။
ဘောလုံးသမိုင်းမှာ ဘယ်သူမှ
မလုပ်ရဲသေးတာကို သူတို့က
ဂရုမစိုက်တဲ့အထာနဲ့ ငွေလမ်းခင်းဖို့
ကြိုးစားနေတာပါ။ အဓိက
အချက်က နိုင်ငံတကာမှာ
ဝေဖန်စရာဖြစ်နေတဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေကို ထိပ်သီး
ဘောလုံးသမားတွေရဲ့ ပုံရိပ်နဲ့
ဖုံးကွယ်ဖို့ ကြိုးစားနေတာ။ နောက်ပြီး
အဓိကပြိုင်ဘက် ကာတာက
၂၀၂၂ ကမ္ဘာ့ဖလားကို အောင်မြင်စွာ
ကျင်းပနိုင်ခဲ့တာကို လိုက်လံ
တုပချင်နေတဲ့ သဘောပဲ။
အမျိုးသမီးအခွင့်အရေး
အဆိုးရွားဆုံး နိုင်ငံတွေထဲ
တခုအပါအဝင်ဖြစ်တဲ့ ဆော်ဒီဟာ
မက်ဆီကို သံတမန်ခန့်ပြီး
တိုးရစ်တွေလာအောင် ကြိုးစားနေတယ်။
သူတို့နိုင်ငံမှာ ဆိုးရွားတဲ့
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
မရှိပါဘူးဆိုတာကို နိုင်ငံကတာ
အသိုင်းအဝိုင်းဆီ သတင်းစကား
ပါးချင်နေတာပေါ့။ နောက်ပြီး
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို
ကျင်းပခွင့်ရအောင် နည်းလမ်းပေါင်းစုံနဲ့
ကြိုးစားနေတာလည်း ပါတယ်။
သူတို့ခေါ်လိုက်တဲ့ ကစားသမားတွေ
အနေနဲ့ အိမ်ရှင်ကျင်းပခွင့်ရအောင်
လော်ဘီလုပ်ပေးရမယ်။ အားလုံး
ကောင်းပါသည်ဆိုတာကို
ပြောပေးရမယ်ဆိုတဲ့ အပေါက်ပေါ့။
အခုဆိုရင် ရော်နယ်ဒိုရဲ့
ဘော်ဒါဟောင်းနှစ်ယောက်က
ဆော်ဒီကိုလာဖို့ စိတ်အားထက်သန်
နေကြပြီ။ အသက်အရွယ်အရလည်း
အကျပိုင်းရောက်နေပြီဆိုတော့
နောင်ရေးပိုခိုင်အောင် ပိုက်ဆံ
ပိုပေးတဲ့ကလပ်ဆီ ရွှေ့မှာပဲ။
ရီးရဲလ်မှာဆက်နေရင် တနှစ်
ယူရိုသန်းရာကျော် မပြောနဲ့
တဝက်တောင် ရမှာမဟုတ်ပါဘူး။
ဆိုတော့ ဆော်ဒီကတော့
ကမ္ဘာကျော်တွေကို မက်လုံးပေးပြီး
ခေါ်နေဦးမှာပဲ။ ဥရောပမှာ
ဆက်နေမလား၊ ငွေတောင်ကြီးရှိရာကို
သွားမလားဆိုတာကတော့
ကိုယ်တိုင် ဆုံးဖြတ်ကြပေါ့။