ကင်ဆာဝေဒနာသည်မှ ချန်ပီယံလောင်းအဖြစ်သို့

“ကျွန်တော့်ရဲ့ ပန်းတိုင်နဲ့
ပတ်သက်ပြီး ပေးချင်တဲ့
မက်ဆေ့ချ်ကတော့
မျှော်လင့်ချက်ထားပါ၊
ရဲရင့်ပါ ဆိုတာပါပဲ။
အသက်ဘေးနဲ့
ရင်ဆိုင်နေရပေမယ့်
ကျွန်တော် မတုန်လှုပ်ပါဘူး။
ကျက်သရေတုံးတဲ့
ဒီရောဂါကို အနိုင်တိုက်မှာ။
အကောင်းဆုံးပုံစံနဲ့
မြက်ခင်းစိမ်းတွေထက်
ပြန်လာမယ်”

ဒေါ့မွန်တိုက်စစ်မှူး
ဟော်လာရဲ့
ရင်တွင်းစကားသံတွေပါ။
သူက ကင်ဆာဝေဒနာသည်။
ထင်မှတ်မထားချိန်မှာပဲ
ရောဂါဆိုးကြီး ရှိနေတယ်ဆိုတာ
သိလိုက်ရပြီးနောက်
ပြောစရာစကားမရှိလောက်အောင်
ဆွံ့အသွားခဲ့ရတယ်။
ကမ္ဘာကြီးက အရှိန်အဟုန်နဲ့
တိုးတက်ဖြစ်ထွန်းနေတယ်ဆိုပေမယ့်
ဆေးပညာရပ်ဝန်းမှာတော့
ဝေဒနာဆိုးကြီးတွေကို
အပြီးတိုင် တိုက်ဖျက်နိုင်တဲ့ဆေး
မပေါ်သေးဘူး။

ဒီအထဲမှာ ကင်ဆာလည်း ပါတယ်။
အဖုအကျိတ်တွေ့ရင် သတိသာ
ထားပေးတော့။ စစ်ဆေးလို့
အစောပိုင်းအဆင့်ဆိုရင်တော့
ဖြတ်တောက်ခွဲစိတ်ကုသခဲ့ရင်
အဆင်ပြေတယ်။ ဒီလိုမဟုတ်ဘဲ
အဆင့် ၃၊ ၄ ဆိုရင်တော့
အသက်ရှင်သန်နိုင်ဖို့ မလွယ်တော့ဘူး။

ဟော်လာက ဟာလန်းရဲ့နေရာအတွက်
ဒေါ့မွန်က မျှော်လင့်ချက်တပုံတပင်နဲ့
ခေါ်ယူခဲ့တာ။ အဲဒီအတွက်
အေဂျက်စ်ကို ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးက
ယူရို ၃၁ သန်း။ ဂိုးသွင်းစက်နေရာ
အစားထိုးဖို့ဆိုတော့ သူ့အပေါ်
ဘယ်လောက်ယုံကြည်သလဲဆိုတာ
တွေ့နိုင်ပါတယ်။

ဟော်လာဆိုတာကလည်း
ရောက်ရာနေရာတိုင်းမှာ ဘာလဲဆိုတာ
မှတ်ကျောက်တိုက်ခံပြီးသား။
ဂျာမန်မြေဆိုတာကလည်း ဖရန့်ဖတ်နဲ့အတူ
နှစ်ရာသီ ဖြတ်သန်းဖူးတော့
အစိမ်းသက်သက် မဟုတ်။ အတွေ့အကြုံ၊
ရှိနှင့်ပြီးသား ကျွမ်းကျင်မှုနဲ့
အရည်အသွေးကို ချိန်သားကိုက်
ပေါင်းစပ်နိုင်ခဲ့ရင် ဟာလန်းလို
ထပ်တူမလုပ်နိုင်ရင်တောင်
အများကြီး လျော့နည်းစရာ မရှိဘူး။

ဒါပေမဲ့ ထင်မှတ်မထားတာတွေ
ဖြစ်လာတတ်တဲ့ သဘောတရားအတိုင်း
ဒေါ့မွန်ကိုပြောင်းလာပြီး
သိပ်မကြာမီမှာပဲ ဝှေးစေ့ကင်ဆာ
ဖြစ်နေတာ စစ်ဆေးတွေ့ရှိခဲ့ရတယ်။
လှော်လို့ကောင်းနေချိန်မှာ
တက်ကျိုးသွားသလိုပေါ့။
ဘယ်တတ်နိုင်မလဲ။ ခန္ဓာကို
ပိုင်ဆိုင်လာပြီဆိုရင် ဝေဒနာဆိုတာ
တချိန်မဟုတ် တချိန် ဝင်လာတာပဲ။

၂၀၂၂ ဇူလိုင်မှာ ကင်ဆာဆဲလ်
စတွေ့တယ်။ ခွဲစိတ်၊ ဓာတ်ကင်စတဲ့
နောက်ဆက်တွဲ ကုသမှုတွေလုပ်ရတာပေါ့။
စိတ်ဓာတ်ပျော့ညံ့တဲ့သူဆို
ပြန်လာနိုင်တော့မှာ မဟုတ်ဘူး။
ဟော်လာကတော့ မင်းလားဟ
ကင်ဆာ ဆိုပြီး ကြွေးကြော်
တိုက်ပွဲဝင်ခဲ့တယ်။ ဆံပင်တွေကျွတ်၊
ကတုံးတွေတုံး၊ ကိုယ်အလေးချိန်
တဖြည်းဖြည်း လျော့ကျ။

ဒါပေမဲ့ သူ မတုန်လှုပ်ခဲ့ဘူး။
ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း
နေထိုင်စားသောက်တယ်။ တိုးတက်တဲ့
အနောက်နိုင်ငံတွေရဲ့ ကောင်းမွန်တဲ့
ဆေးဝါးကုသမှုနဲ့ဆိုတော့
တဖြည်းဖြည်းနဲ့ လူကောင်းပကတိလို
ဖြစ်လာတယ်။ လုပ်ရတဲ့ ခွဲစိတ်မှုက
နှစ်ကြိမ်၊ ဓာတ်ရောင်ခြည်ကုသမှုက
၄ ကြိမ်။ အဆင့်က အစောဆုံးဆိုတော့
မြန်မြန်ဆန်ဆန်နဲ့ကို နလန်ထလာတယ်။

၂၀၂၃ ဇန်နဝါရီမှာ ပြိုင်ပွဲအသွင်
ပထမဆုံးပွဲကို ဝင်ကစားနိုင်ခဲ့တယ်။
၆ လကျော်အကြာမှာ မြက်ခင်းစိမ်းပေါ်
ပထမဆုံး ပြန်ခြေချနိုင်တာဆိုတော့
ဘယ်လောက် ဝမ်းသာစရာကောင်းလိုက်လဲ။
သူပြန်ကစားနိုင်ပြီးနောက် ဒေါ့မွန်ရဲ့
ရလဒ်ဂရပ်ဖ်မျဉ်းက အတက်ချည်းပဲ။
မနေ့ညက အော့စ်ဘတ်နဲ့ပွဲမှာလည်း
သူက ၂ ဂိုးသွင်းပြီး ဘွန်ဒက်စ်လီဂါ
ချန်ပီယံဖြစ်ဖို့ ခြေတလှမ်းတိုးလိုက်တယ်။

ချန်ပီယံဘိုင်ယန်ရဲ့ လိုက်ပ်ဇစ်
ရှုံးပွဲကို အကောင်းအသုံးချနိုင်ခဲ့တာပါ။
အခုဆိုရင် ဒေါ့မွန်က ၂ မှတ်ဖြတ်ကာ
ဇယားထိပ်ဆုံးက ဦးဆောင်နေတယ်။
နောက်ဆုံးပွဲမှာ မိန့်ဇ်ကိုနိုင်ရင်
၁၁ နှစ်ကြာဝေးကွာနေတဲ့
ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို
ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်မယ်။

ဟော်လာပြန်ကစားနိုင်ပြီးနောက်
ဒေါ့မွန်က ၅၆ ဂိုးသွင်းကာ
ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ
၂၀၂၃ ခုနှစ်အတွင်း ဂိုးအများဆုံး
သွင်းနိုင်တဲ့အသင်း၊ ၄၅ မှတ်
ရယူကာ ရမှတ်အများဆုံး
ရယူနိုင်တဲ့အသင်းအဖြစ်
ရပ်တည်နေတယ်။ ခရီးတဝက်ကနေ
လိုက်ပါခဲ့ရတယ်ဆိုပေမယ့်
ဟော်လာဟာ ဘွန်ဒက်စ်လီဂါ
၁၈ ပွဲမှာ ၉ ဂိုးသွင်းကာ၊
ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးထားတယ်။

အိုင်ဗရီကို့စ်သားရဲ့ဘဝက
ရိုလာကိုစတာ စီးနေရသလိုပဲ။
နိမ့်လိုက်၊ မြင့်တက်လိုက်နဲ့။
အခုတေ့ာလည်း ဒါတွေက
တည်ငြိမ်သွားပါပြီ။
ဘွန်ဒက်စ်လီဂါဆုကြီးကလည်း
လက်တကမ်းအကွာမှာ။

Facebook Comments Box
Facebook Comment