VAR နဲ့ ပတ်သက်၍ မငြီးတွားသင့်သည့် အသင်းမှာယူနိုက်တက်ဟု မော်ရင်ဟို ပြောကြား

စပါးစ်နည်းပြမော်ရင်ဟိုက မန်ချက်စတာ ယူနိုက်တက်တွင် VAR ကြောင့် နစ်နစ်ရမှုအတွက် စောဒတက်နိုင်သည့် အခြေအနေတွင် မရှိကြောင်း ပြောကြားလိုက်သည်။ ယူနိုက်တက်သည် တနင်္ဂနွေညတုန်းက အိုးထရက်ဖို့ဒ်တွင် စပါးစ်ကို ၁-၆ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အိမ်ရှင် ယူနိုက်တက်သည် ပွဲအစပိုင်းတွင် ဖာနန်ဒက်စ်၏ ပင်နယ်တီဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း တန်ဂိုင်းအန်ဒွမ်ဘီလီနှင့် ဆန်ဟောင်မင်းတို့က စပါးစ်အတွက် ချက်ချင်းပင် ဂိုးများ သွင်းနိုင်ခဲ့ကြသည်။ ပထမပိုင်းတွင် ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီမာရှယ်သည် အဲရစ်လာမီလာ၏ တံတောင်ဖြင့် တွက်မှုကို တုံ့ပြန်ရာမှာ အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရသည်။ VAR ပြကွက်အရ ဒိုင်လူကြီးအနေဖြင့် မာရှယ်ကိုသာမက လာမီလာကိုပါ အနီကတ်ပြသင့်ကြောင်း တွေ့ရသည်။ တစ်ယောက်အသာဖြင့် ကစားခဲ့ရသည့် စပါးစ်သည် ကိန်း၊ အူရီရာ၊ ဆန်ဟောင်မင်းတို့က ဂိုးများ ထပ်သွင်းခဲ့မှုကြောင့် ၆-၁ ဖြင့် အနိုင်ရရှိခဲ့သည်။

မော်ရင်ဟိုက “ကျွန်တော် မကြည့်လိုက်ပါဘူး။ နောက်ပြီးကျမှ ကြည့်ဖြစ်ကောင်း ကြည့်ဖြစ်ပါလိမ့်မယ်။ VAR ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တစ်ယောက်ယောက်က ငြီးတွားသင့်တယ်ဆိုရင် အဲဒီအသင်းက တော်တင်ဟမ်ပါ။ VAR နဲ့ပတ်သက်ပြီး မငြီးတွားသင့်တဲ့အသင်းဆိုရင်တော့ အဲဒါ မန်ချက်စတာယူနိုက်တက်ဆိုတာ အသေအချာပါပဲ”ဟု ပြောကြားသွားခဲ့သည်။

ယူနိုက်တက်အား ၆-၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ဒီလီအလီသည် အဲဗာတန်အား ရှုံးနိမ့်သည့် ပရီးမီးယားလိဂ်အဖွင့်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အရန်အဖြစ် ဝင်ရောက်ကစားခွင့် ရရှိခဲ့သည်။ သူသည် အဲဗာတန်နှင့်ပွဲတွင် ပထမပိုင်း၌ လူစားလဲခြင်းခံရပြီးနောက် ပရီးမီးယားလိဂ်တွင် လူစာရင်းတွင်ပင် ထည့်သွင်းခြင်းမခံခဲ့ရဘဲ ယူရိုပါလိဂ်ခြေစစ်ပွဲများတွင်သာ ကစားခဲ့ရသည်။

သူသည် စပါးစ်တွင် နေရာမရရှိမှုကြောင့် ပီအက်စ်ဂျီသို့ ပြောင်းမည်ဟု သတင်းထွက်နေသည်။ သို့ရာတွင် မော်ရင်ဟိုက ဒီလီအလီမှာ စပါးစ်တွင်ပင် ဆက်ရှိနေမည်ဟု အတည်ပြုသွားသည်။

Facebook Comments Box
Facebook Comment