
VAR ကြောင့် စိတ်လှုပ်ရှားစရာ ကောင်းခဲ့တဲ့ မန်ယူရဲ့နိုင်ပွဲ
ပရီးမီးယားလိဂ် ပွဲစဉ် ၃ စနေည အစောဆုံးပွဲဖြစ်တဲ့ ဘရိုက်တန်-မန်ယူပွဲကတော့ ရသ ပေါင်းစုံပေးစွမ်းကာ သရဲနီတို့ နိုင်ပွဲရခဲ့ပါတယ်။
အဖွင့်ပွဲမှာ ပဲလေ့စ်ကို အိမ်ကွင်းဂိုးပြတ်ရှုံးထားတဲ့ ယူနိုက်တက်ဟာ ဒီနေ့ပွဲမှာလည်း အိမ်ရှင် ဘရိုက်တန်ကို အသာစီး မကစားနိုင်ပါဘူး။
ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်၊ မာတစ်တို့ရဲ့ကွင်းလယ်က ဖန်တီးမှုမကောင်းသလို ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ် တိုက်စစ်အတွဲကလည်း ပုံစံကောင်း ပျောက်ဆုံးခဲ့ပါတယ်။
အဖွင့် ၂ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံးထားတဲ့ ဘရိုက်တန်ကတော့ ဆော်လီမာ့ချ်၊ ထရိုဆက်စ်တို့ရဲ့ဘယ် တောင်ပံခြမ်းကနေ အများဆုံးထိုးဖောက်ခဲ့ပြီး ဘစ်ဆာကာ၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်တို့ မတားနိုင်ခဲ့ပါဘူး။

မိနစ် ၄၀ မှာ လမ့်တေးကို ဖာနန်ဒက်စ်က တွန်းသလိုဖြစ်လို့ ဘရိုက်တန်တို့ ပင်နယ်တီရခဲ့ပြီး တိုက်စစ်မှူး နီးလ်မော်ပေးက ကန်ကာ အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။
၄၃ မိနစ်မှာတော့ ယူနိုက်တက်အသင်း ချေပဂိုးရခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ပြစ်ဒဏ်ဘောကို မာတစ်က ချပေးတာကတစ်ဆင့် ဘရိုက်တန်နောက်ခံလူ လူးဝစ်ဒန့်ခ် ဖျက်ထုတ်တာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ ဆိုးလ်ရှားဟာ ခြေစွမ်းမပြနိုင်တဲ့ ပေါ့ဂ်ဘာအစား ဖရက်ဒ်၊ ဂရင်းဝုဒ်အစား ဘိုင်လီကိုထည့်ခဲ့ပြီး ဗန်ဒီဘိခ်ကို ပွဲပြီးခါနီးမှ လူစားလဲတာက စဉ်းစားရ ခက်လှပါတယ်။
ဒုတိယပိုင်းမှာတော့ VAR ကြောင့် ရယ်ရခက်၊ ငိုရခက်ဖြစ်ခဲ့ပြီး ပေါ့ဂ်ဘာက ကွန်နော်လီကို တွန်းလှဲသလိုဖြစ်လို့ ဒိုင်လူကြီး ကာဗန်နက်က ပင်နယ်တီပေးခဲ့ပါတယ်။
နောက်တော့ VAR ပြန်ကြည့်ကာ ပင်နယ်တီ မပေးတော့သလို ယူနိုက်တက်ရရှိတဲ့ တတိယဂိုးက လည်း ပွဲပြီးခရာ မှုတ်ပြီးတော့မှ VAR ပြန်ကြည့်ကာ ပင်နယ်တီ ပေးခဲ့တာပါ။
ဘရိုက်တန်ဟာ ခြေစွမ်းအသာရခဲ့လို့ ခံရခက်တဲ့ ရှုံးပွဲဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာ ဆော်လီမာ့ချ်၊ ထ ရိုဆက်တို့ ကန်ချက်တွေ ဂိုးတိုင်ထိခဲ့တာကလည်း နစ်နာခဲ့ရပါတယ်။

၅၄ မိနစ်မှာ ဖာနန်ဒက်စ် ထိုးပေးတာကို ရက်ရှ်ဖို့ဒ်က ဘယ်တောင်ပံကနေ ဆွဲပြေးကာ ဘရိုက်တန်နောက်ခံလူ ၂ ယောက်ကိုလိမ်ပြီး ဂိုးဧရိယာအတွင်း ဘယ်ခြေနဲ့ကန်ကာ ယူနိုက်တက်အတွက် ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။
နာကျင်အချိန်ပို ၅ မိနစ်ပေးတဲ့အနက် ၄ မိနစ်ကျော်မှာ ဂျာဟန်ဘက် ညာတောင်ပံက တင်ပေး တာကို လူကပ်ခံထားရခြင်းမရှိတဲ့ ဆော်လီမာ့ချ်က ခေါင်းတိုက်ကာ ဘရိုက်တန်အတွက် ချေပဂိုး ပြန်သွင်းခဲ့လို့ သရေကျပြီလို့ ထင်ခဲ့ပါတယ်။
ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချိန်ကျော်သွားချိန်မှာ မန်ယူက ထောင့်ကန်ဘောရပြီး မက်ဂွိုင်းယား ခေါင်းတိုက်ချက်ကို ဘရိုက်တန် ကစားသမားတစ်ဦးက ဂိုးဝင်ခါနီး အနေအထားကနေ ခေါင်းတိုက်ဖျက်ထုတ်ခဲ့ပါတယ်။

ဒါကြောင့် ကွင်းလယ်ဒိုင် ကာဗန်နက်က ပွဲသိမ်းခရာမှုတ်လိုက်ချိန်မှာတော့ မက်ဂွိုင်းယား ခေါင်း ဆောင်ကာ လက်တထောင်ထောင်နဲ့ စောဒကတက်ခဲ့ပါတယ်။
အနှေးကွက် ပြန်ပြချိန်မှာ မက်ဂွိုင်းယားရဲ့ခေါင်းတိုက်ချက်ကို နီးလ်မော်ပေး ကာကွယ်စဉ် သူ့ရဲ့ လက်နဲ့ ဘောလုံးထိခဲ့တာ တွေ့ခဲ့ရပါတယ်။
ဒါကြောင့် ကာဗန်နက်က VAR ပြန်ကြည့်ဖို့ဆုံးဖြတ်ကာ အမှန်တကယ် လက်ထိခဲ့တာကြောင့် ယူ နိုက်တက်ကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်ကာ အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
ဘရိုက်တန် လူစာရင်း
ရိုင်ယန်၊ ဝက်ဘ်စတာ၊ လူးဝစ်ဒန့်ခ်၊ ဘင်ဝှိုက်၊ လမ့်တေး၊ လယ်လာနာ(ပါစကယ်ဂရော့စ် – ၇၅)၊ ဆော်လီမာ့ချ်၊ ထရိုဆက်၊ နီးလ်မော်ပေး၊ ကွန်နော်လီ(ဂျာဟန်ဘက် – ၇၅)၊ အယ်လ်ဇာတီ
ယူနိုက်တက် လူစာရင်း
ဒီဂီယာ၊ ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ လုခ်ရှော၊ မာတစ်၊ ပေါ့ဂ်ဘာ(ဖရက်ဒ် – ၆၅)၊ ဖာနန်ဒက်စ်၊ မာရှယ်(ဗန်ဒီဘိခ် – ၉၁)၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်(ဘိုင်လီ – ၈၃)