Upset အစာသွပ်က ဘာအသားနဲ့ယူမလဲ..

📰 Nကြယ်မင်း

ကောင်းပြီလေ… အခုတော့ အဲ့ဒီလို ညဆိုးကြီးထဲ ဘယ်သူ့မျက်ရည်ဟာ ပိုပြီးလေးလံခဲ့သလဲ ယှဉ်ပြိုင်ကြရုံပေါ့။

မန်ယူရဲ့ 1-6 ပြီးတဲ့နောက်မှာ လီဗာပူး 2-7 လိုက်လာတယ်။ Upset အစာသွပ်ညဟာ ပီပြင်ခဲ့ပါတယ်။ နာကျင်စေလိုသူတွေဆီ ရောက်ပါတယ်။

တကယ်တော့ ဒီနှစ်ပွဲဟာ ထိခြင်းတရားတို့ရဲ့`ခေါင်ပွဲ´တွေလို ရှိခဲ့လို့သာပါ။ လက်စတာကို 2-5 နဲ့ရှုံးနိမ့်ပြီးစ မန်စီးတီးတွေ လိဒ်ကိုသရေသာ ကစားနိုင်တာလည်း Upset အစာသွပ်ဖြစ်တယ်။

အဲ့ဒီလက်စတာတွေ ဝက်စ်ဟမ်းကို 0-3 နဲ့ရှုံးတာလည်း Upset ဖြစ်တယ်။ ဘာတွေဖြစ်ကုန်ပြီလဲ။ ၁၈၆ ခါညပါ ညီလေးမျိုးမြင့်သောင်းရေ…

မန်ယူလည်း ဇာတ်နာပါတယ်။ ပြောစရာတွေ အများကြီး ဖြစ်ရတယ်။ မာရှယ်က ပိန်းကြာရွက်အောက်မှာမွေးလာလို့ ဒီလောက် ပိန်းတာလား။

ပြင်သစ်က သူ့အမေဟာ သူ့ကိုမွေးတော့ အလှပန်းအိုးထဲ ပိန်းပန်းတွေ စိုက်ထားတာလား၊ ကျွန်တော်တို့ တွေးကြရတာပေါ့။

မြန်မာလိုဆိုးရွား´နဲ့ နော်ဝေကဆိုးလ်ရှား´ဟာ စစ်အတွင်းက ကွဲကွာသွားတဲ့ အမွာညီအစ်ကိုတွေလား။ မာရှယ်က ပိန်းလွန်းပြီး ဆိုးလ်ရှားက ဆိုးရွားလွန်းတဲ့ အမှုတွဲထဲက ပိုးဟပ်တစ်ကောင် ဖြစ်ပါတယ်။

တကယ်တော့ ပွဲမစခင်ကတည်းက မော်ရင်ညိုရဲ့ မီဒီယာဂျင်းကို မိတာပဲ။ ဆွန်ဟောင်မင်ဟာ နောက် ခုနှစ်ဘဝလောက်မှ ကစားနိုင်တော့မှာလိုမျိုး စကားတွေ မော်ရင်ညိုဟာ တရစပ်တင်သွင်းခဲ့တယ်။

ပြီးတော့မှ တောင်ကိုရီးယားသားဟာ ကွင်းထဲဝင်လာပြီး ရုပ်ချောပြ
တော့တာပဲ။ ဟာရီကိန်းနဲ့တွဲပြီး မန်ယူခံစစ်ကို ဂျင်းထည့်တော့တာပဲ။

အဲ့ဒီမှာ ဘယ်သူကများ တာဝန်ကျေခဲ့ကြ၊ တာဝန်ယူနိုင်ခဲ့ကြလို့လဲ။ မက်ဂွိုင်းယားဟာ အရိပ်ပေးချင်ပေမယ့် ကိုယ်တိုင်က ဘယ်လိုအရိပ်မှ မထုတ်လုပ်နိုင်သူ သစ်ပင်တစ်ပင်နဲ့တူတယ်။

မိဘကို စိတ်ချမ်းသာစေချင်တာကလွဲရင် ဘာမှမလုပ်ပေးနိုင်သူ အကြီးဆုံးသားတစ်ယောက်လိုပေါ့။ သူဟာ ကြောင်အနေခဲ့တယ်။ အမှားပြုတယ်။

ဘိုင်လီနဲ့လုခ်ရှောဟာ အဲ့ဒီအပေါက်ကဝင်လာပြီး မရောက်ရှိသူ အငယ်ကောင်တွေလို ခပ်ချာချာ ကစားခဲ့တယ်။

အဲ့ဒီမှာ ဆိုးရွားတဲ့ ဆိုးလ်ရှားဟာ လောကဓံကို `ဇေ´နဲ့ရောသောက်ထားသူလို က်နှာပေးနဲ့၊ ပေဖြစ်တုန်း ခံထားကြပေဦး မောင်ရင်တို့ဆိုတဲ့ အားပေးအပြုံးနဲ့၊ ခက်တာက တူက ဘယ်တော့ဖြစ်မှာလဲ လမ်း မမြင်တာပဲ။

ဒါပေမဲ့ မန်ယူ tragedy မှာ ဘာကြောင့် အဲ့ဒီလိုဆိုတဲ့ အကြောင်းရင်းတွေရှာတွေ့နိုင်သေးတယ်။

လီဗာပူး မီးလောင်သွားတာက ဘယ်ကစသလဲ အဖြေရှာဖို့ ခက်ခဲပါလိမ့်မယ်။ အက်ဒရီယန်ဝါယာကြိုးက ရှော့ခ်ထဖြစ်တာလား။

ဗန်ဒွိုက်မီးဖိုက အပူလွန်ကဲသွားတာလား။ အာနိုး အားသွင်းကြိုး အရည်ပျော်သွားတာက စသလား။ ဒီလောက်တောင်လားဆိုတာ ဘယ်သူမှ မယုံနိုင်ကြပါဘူး။

ဒီလောက်အထိ ဖြစ်သွားစရာလားကွာဆိုတာ မီးလောင်ပြင် လာကြည့်ကြသူတွေဆီမှာ အကျယ်လောင်ဆုံးစကားပဲ။

ဗီလာဟာ မနှစ်ကနဲ့မတူဘူး၊ သန်စွမ်းလာတယ်။ ညီအစ်ကိုတွေ စုံနေဆုံနေကြတယ်။ အဲ့ဒါကို သိပါတယ်။

ဒါပေမဲ့ အဲ့ဒီတစ်ခုတည်းနဲ့ လီဗာပူးကို အဲ့ဒီလောက် လုပ်နိုင်စရာတဲ့လား..။ ရှက်ဖီးနဲ့ပွဲတုန်းက မိနစ် ၈၀ လောက် ကစားသမားတစ်ယောက် အသာရထားတာတောင် တစ်ဂိုးတည်းသော အနိုင်ဂိုးကို ပိုင်ဆိုင်ဖို့ သေအောင်စောင့်ရတယ်၊ သေအောင် လုပ်ခဲ့ကြရတယ်။

ဂရီလစ်ရ်ှဟာ အကောင်းဆုံးကစားသူဖြစ်ပေမယ့် အကောင်းဆုံး ကစားသမားတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီပွဲမှာတော့ သူတို့ဟာ တာကျိုးသွားရာက အလုအယက်ပြေးဆင်းလာတဲ့ရေလို ဂိုးတွေရခဲ့ကြတယ်။

အနိုင်ယူခဲ့တယ်။ အဲ့ဒါဘာလဲ။ ထူးခြားတာက ဘာကလေ ဆိုက်ရောက်လာခြင်းပဲ ရှိပါတယ်။ ဘာကလေဟာ ထူးချွန်သူတစ်ယောက်ပါ။

အဲဗာတန်မှာ သူ့ကို ကျွန်တော်တို့ ကျွတ်ခဲ့ကြဖူးတာပေါ့။ ဒါပေမဲ့ ထုံးစံအတိုင်း အင်္ဂလိပ်မီဒီယာတွေရဲ့ အလွန်အမင်း ချီးမြှောက်ကြခြင်းကပဲ ဒီကလေးကို ဖိအားဖြစ်စေခဲ့တယ်။

ချဲလ်ဆီးကိုရောက်တော့ သူ့အတောင်ပံတွေ ညောင်းညာနေပါပြီ။ တစ်ပွဲပြန်ကောင်းဖို့ ၇ ပွဲလောက် စောင့်ရတယ်။ ဒီကြားထဲ အရန်ခုံအချိန်တွေကလည်း ရှည်ကြာလွန်းလှတော့ သူဟာ ပြီးဆုံးသွားသူတစ်ယောက်လား ကျွန်တော်တို့ ထင်ခဲ့ကြဖူးတာပေါ့။

ဒီလိုနဲ့ပဲ ဗီလာကို သူရောက်ခဲ့တယ်။ ဗီလာဟာ အဲဗာတန်အဆင့်မျိုးပဲ။ ဒါက သူနဲ့ စပ်အဟပ် တည့်သွားနိုင်တဲ့ ပြောင်းရွှေ့မှုမျိုးပဲ။

တချို့ကစားသမားတွေဟာ အမြင့်ဆုံးကိုသွားဖို့ အသင်းလေးတွေနဲ့ ဓာတ်မတည့်ကြပါဘူး။ သူစတင်ရာအရပ်၊ ဒါမှမဟုတ် အဲ့ဒီလို အလားတူ ကလပ်တွေပြန်ရောက်ခဲ့ရင် သူ့စွမ်းအားအရင်းအမြစ်ကို ပြန်ရလေ့ရှိပါတယ်။

ဘာကလေဟာ အဲ့ဒီလိုဖြစ်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ မမြန်လွန်းဘူးလား။ အဲ့ဒီလောက်တောင်တဲ့လား။

ဒီပွဲမှာ သူ့ကြောင့် ဂရီလစ်ရ်ှဟာ ဖိအားတွေ လျော့ကျသွားတယ်။ နေရာလွတ်တွေ ပိုရလာတယ်။ သူကိုယ်တိုင် မဖြုန်းတီးခဲ့ဘူးဆိုရင် သူဟာ ဒီ့်ထက်ပိုကောင်းတဲ့ စတင်ခြင်းကိုတောင် ပိုင်ဆိုင်ခဲ့မှာပဲ။

လီဗာပူးအတွက် ဒီရှုံးပွဲဟာ သိပ်အရေးကြီးပါတယ်။ နိုင်ငံပွဲတွေ ပြီးသွားတာနဲ့ အမြန်ဆုံး နိုးထမလာခဲ့ရင် သူတို့ဟာ ပြတ်ရွေ့သွားတဲ့ ကြိုးကြာတောင်တန်းကြီးတွေကို တားဆီးနိုင်တော့မယ် မဟုတ်ပါဘူး။

တစ်ခုပဲ၊ အက်ဒရီယန်တော့ ပြန်မလာပါနဲ့။ သူလည်း ဘယ်ဖြစ်ချင်ပါ့မလဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သူဟာ အရှုံးမိစ္ဆာပဲ။ အတွင်းလှိုက်စားတဲ့ စပိန်ပိုးမွှားပဲ။ တကယ်ဖြစ်ခဲ့ပါတယ်။

ပြောလို့မဆုံးအောင် ရှိပါတယ်။ Upset အစာသွပ်ညတွေ ခင်ဗျား မှာလိုက်တာလား။ အဲ့ဒါတွေက ဘာအသားနဲ့လဲ။

နတ်ဆိုးလား၊ ကြိုးကြာလား..။ ဒီလိုညမျိုးတွေဟာ ရှားပါတယ်။ ရောက်လာခဲ့တယ်။ ရောက်လာတော့လည်း ရူးမတတ်ပါပဲ။

Upset အစာသွပ်ညတွေမှာ ခင်ဗျားရော ဘယ်လောက် ထိခိုက်သွားသလဲ ကျွန်တော်သိလိုပါတယ်။

Facebook Comments Box
Facebook Comment