UFC 254 ပြိုင်ပွဲတွင် ခါဘစ်သာ အနိုင်ရမည်ဟု ရော်နယ်ဒို သုံးသပ်

ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒိုက အောက်တိုဘာ ၂၄ ရက် အဘူဒါဘီတွင် ပြုလုပ်မည့် UFC 254 ပြိုင်ပွဲ၏ အဓိက ခေါင်တွဲဆိုင်းတွင် ရုရှားဖိုက်တာ ခါဘစ်သာ အနိုင်ရရှိလိမ့်မည်ဟု သုံးသပ်လိုက်သည်။

ကမ္ဘာ့အကြီးဆုံး MMA အဖွဲ့အစည်း UFC သည် တွဲဆိုင်း ၁၂ ဆိုင်းပါဝင်မည့် UFC 254 ပြိုင်ပွဲအား ယူအေအီးနိုင်ငံ၊ အဘူဒါဘီတွင် ပြုလုပ်သွားမည်ဖြစ်ပြီး အဓိကခေါင်ပွဲကြီးက ခါဘစ်နှင့် အမေရိကန်ဖိုက်တာ ဂျက်စတင်ဂေ့သ်ဂျီတို့ ထိုးသတ်မည့် လိုက်ဝိတ်တန်း ချန်ပီယံလုပွဲ ဖြစ်သည်။

၃၂ နှစ်အရွယ် ခါဘစ်သည် ၂၈ ပွဲယှဉ်ပြိုင်အပြီး ပွဲတိုင်းအနိုင်ယူကာ UFC လိုက်ဝိတ်တန်း ချန်ပီယံဖြစ်သော်လည်း COVID-19 ကန့်သတ်ချက်ကြောင့် တိုနီဖာဂူဆန်နှင့် ထိုးသတ်ရမည့် ခါးပတ်ကာကွယ်ပွဲကို သွားရောက်နိုင်ခြင်း မရှိ၍ ဖာဂူဆန်ကို အနိုင်ရခဲ့သော ဂေ့သ်ဂျီက ကြားဖြတ်ချန်ပီယံအဖြစ် သတ်မှတ်ခံထားရသည်။

ဂေ့သ်ဂျီကလည်း ၂၂ ပွဲနိုင်၊ ၂ ပွဲသာ ရှုံးထားသောကြောင့် ၎င်းတို့နှစ်ဦး ထိုးသတ်ကြမည့်ပွဲက UFC သက်တမ်းတစ်လျှောက် အကြိတ်အနယ် အရှိဆုံး ပွဲတစ်ပွဲ ဖြစ်လာမည်ဟု ယူဆထားကြသည်။

ရော်နယ်ဒိုသည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ခါဘစ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံပြီးချိန်ကတည်းက ညီအစ်ကိုအရင်းသဖွယ် ရင်းနှီးခဲ့ကြပြီး ရော်နယ်ဒိုက ရုရှားဖိုက်တာကို ကျောနံပါတ် ၇ နှင့် ခါဘစ်နာမည် ရေးထိုးသော ရီးရဲလ်ဂျာစီကို အမှတ်တရလက်ဆောင် ပေးအပ်ခဲ့သည်။

လက်ရှိတွင် ရော်နယ်ဒိုသည် COVID-19 ကူးစက်ခံထားရသောကြောင့် နေ အိမ်တွင် တစ်ဦးတည်းခွဲကာ သီးသန့်နေထိုင်လျက်ရှိပြီး ပရိသတ်များ၏ သိလိုသမျှကို အွန်လိုင်းမှ ဖြေကြားရာတွင် UFC 254 ပြိုင်ပွဲအပေါ် မေးမြန်းမှုနှင့်ပတ်သက်၍ ၎င်း၏အမြင်ကို ဖွင့်ဟခဲ့သည်။

ရော်နယ်ဒိုက ဂေ့သ်ဂျီနှင့်ပွဲမှာ ခါဘစ်အတွက် အခက်ခဲဆုံး ပွဲတစ်ပွဲ ဖြစ် သော်လည်း အနိုင်ထိုးသတ်နိုင်မည်ဟု ဆိုသည်။

“ဟုတ်တယ်၊ ဟုတ်တယ်။ ခါဘစ်ပဲ အနိုင်ရမှာ။ ငါ့ညီ အနိုင်ရမှာ” ဟု ရော် နယ်ဒိုက UFC 254 ပြိုင်ပွဲ၏ အဓိက ခေါင်တွဲဆိုင်းအပေါ် မေးမြန်းမှုအား ပြန်လည်ဖြေကြားပေးခဲ့သည်။

Ref:dailymail

Facebook Comments Box
Facebook Comment