
Soccer Aid မှ ထုတ်ပယ်ခံရပြီးနောက် ယာယာတိုရေး တောင်းပန်လာ
မန်စီးတီးနှင့်ဘာစီလိုနာအလယ်တန်းကစားသမားဟောင်းယာယာတိုရေးသည် Soccer Aid ရန်ပုံငွေပွဲမှာ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် သူ၏အပြုအမူများအတွက် တောင်းပန်မှုပြုလုပ်လာသည်။
အသက် ၃၇ နှစ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင်ဟောင်းသည် ယနေ့ညတွင် Unicef က ကြီးမှူးကျင်းပသည့် Soccer Aid ပွဲစဉ်တွင် ကစားရန် စီစဉ်ထားသော်လည်း Group Message Chat တွင် ကစားဖော်များအား ပြည့်တန်ဆာ ၁၉ ဦး ခေါ်ပေးနိုင်သည်ဟု ကမ်းလှမ်းမှုပြုလု်ပခဲ့သည့်အပြင် ရေချိုးခန်းအတွင်းမှ အဝတ်မဲ့အမျိုးသမီးတစ်ဦး၏ ဗီဒီယိုဖိုင်ကိုလည်း တင်ခဲ့သည်။ ယင်းလုပ်ရပ်ကြောင့် ယာယာတိုရေးသည် Soccer Aid မှ ထုတ်ပယ်ခြင်းခံခဲ့ရကာ အသင်းတည်းခိုရာဟိုတယ်မှထွက်ခွာခဲ့ရသည်။
ယာယာတိုရေးက ၎င်းမှာ ဟာသအနေဖြင့် ပြုလုပ်ခဲ့ခြင်းမျှသာဖြစ်ပြီး နစ်နာသူ အားလုံးကို တောင်းပန်ကြောင်းနှင့် ယင်းလုပ်ရပ်အတွက် များစွာ နောင်တရ ကြောင်း လူသိရှင်ကြား တောင်းပန်လာပြီဖြစ်သည်။
ယာယာတိုရေးက “ဒီမသင့်တော်တဲ့ဟာသလုပ်ခဲ့မှုအတွက် Soccer Aid မှာ ပါဝင်တဲ့လူတိုင်းကို တောင်းပန်ချင်ပါတယ်။ အခြားပါဝင်နေတဲ့သူတွေရဲ့ ခံစားချက်ကို မကြည့်ဘဲ ဟာသတစ်ခုအနေနဲ့ဘဲ လုပ်လိုက်တာပါ။ ကျွန်တော် ဒီ မက်ဆော့ချ်တွေကို မိနစ်အနည်းငယ်အတွင်းမှာ ဖျက်ပြီး ဂရုအတွင်းမှာ ရှိတဲ့အားလုံးကိုလည်း တောင်းပန်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးမှ ရှိနေတဲ့ ကလေးငယ်တွေကို ကူညီဖို့အတွက် ကောင်းမွန်မြင့်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ စုစည်းခဲ့ကြတာပါ။ ရန်ပုံငွေပွဲရဲ့အလှအပတရားကို ဖျက်ဆီးစေနိုင်လောက်တဲ့ ဒီမသင့်တော်တဲ့ဟာသကို လုပ်ခဲ့မှုအတွက် အရမ်းနောင်တရမိပါတယ်”ဟု ပြောကြားခဲ့သည်။
Soccer Aid နှင့် ITV တို့သည် တိုရေး၏လုပ်ရပ်အပေါ် ဂရုတွင်းတွင် ရှိနေသူများက စောဒကတက်တိုင်ကြားမှု ပြုလုပ်လာပြီးနောက် အသင်းမှ ဖယ်ရှားရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။ ယင်းဂရုအတွင်းတွင် နာမည်ကြီးဘောလုံးသမားဟောင်းများနှင့် အမျိုးသမီးဘောလုံးသမားများနှင့် နာမည်ကြီးစယ်လီများလည်း ရှိနေသည်။
Soccer Aid ရန်ပုံပွဲကို ယနေ့မှာ အိုးထရက်ဖို့ဒ်မှာ ကစားသွားမှာ ဖြစ်ပြီး World XI နှင့် England XI တို့ ရင်ဆိုင်ကစားပါမယ်။ ယခုနှစ်ပွဲမှာ ဝိန်းရွန်းနီ၊ ဆမ်အလာဒွိုက်၊ မိုက်ကယ်အိုဝင်၊ ဝက်စ်ဘရောင်း၊ အီဗရာ၊ ဆီဗက်စတာ၊ မက်ခီလီလီ၊ အက်ဆီယန်၊ အက်ဒီကိုး၊ ဂျိုကိုး၊ ဟတ်စကီး၊ ဒေးဗစ်ဂျိမ်း၊ ရှေးဗစ်ဂင်းစသည့် ကစားသမားဟောင်းများ ပါဝင်ကြမည်ဖြစ်သည်။