PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကီဗင်ဒီဘရိုင်း ဆွတ်ခူး

မန်စီးတီးကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းသည် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့ချုပ်မှ ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအား ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။

ဘယ်လ်ဂျီယံလက်ရွေးစင်သည် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု အား ယမန်နှစ် ဆုရှင် ဗန်ဒိုက်၊ အလက်ဇန္ဒားအာနိုး၊ ဆာဒေယိုမာနေး၊ ဟင်ဒါဆင်နှင့် မန်စီးတီးကစားဖော်စတာလင်းတို့အား ကျော်ဖြတ်ကာ ကစားသမားများရဲ့မဲပိုမိုရရှိပြီး ဆွတ်ခူးသွားနိုင်ခဲ့ခြင်းဖြစ်သည်။

ကီဗင်ဒီဘရိုင်းသည် ၁၉၇၃-၇၃ ခုနှစ်တွင် PFA ဆုကို စတင် ချီးမြှင့်ပြီးနောက် ပထမဆုံးအကြိမ် ဆွတ်ခူးသွားနိုင်သည့် မန်စီးတီးကစားသမားလည်း ဖြစ်သည်။

ကီဗင်ဒီဘရိုင်းက “ကစားဖော်ကစားဖက်တွေ၊ ကွင်းထဲမှာပြိုင်ဘက်အဖြစ်အမြဲက စားနေတဲ့ အခြားအသင်းကပြိုင်ဘက်တွေမဲနဲ့ ဆွတ်ခူးနိုင်ခဲ့တာဖြစ်လို့ အရမ်းဂုဏ်ယူစရာကောင်းတဲ့ဆုပါ။ အကောင်းဆုံးကစားသမားဆုအတွက် သူတို့မဲပေးခဲ့ကြတဲ့အရမ်းအံ့ဩစရာကောင်းပါတယ်။ စီးတီးအသင်းမှာအရင်တုန်း က ကစားတဲ့ကစားသမားဟောင်းတွေ၊ ကစားနေဆဲ ကစားသမားတွေ မရခဲ့ဘူး တာ နည်းနည်းတော့ ထူးဆန်းပါတယ်။ ဒါပေမယ့် ဒီကလပ်အတွက် ကိုယ်စားပြု ဆွတ်ခူးနိုင်လို့ ဂုဏ်ယူပါတယ်”ဟု ပြောကြားသွားသည်။

PFA အမျိုးသမီး တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ချဲလ်ဆီးကို အမျိုးသမီးစူပါလိဂ်နှင့် လိဂ်ဖလားဆွတ်ခူးနိုင်အောင် ကူညီခဲ့သည့် အသက် ၂၆ နှစ်ရှိ ဘိတ်အင်္ဂလန်က ဆွတ်ခူးသွားနိုင်ခဲ့သည်။ 

တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို အသက် ၂၁ နှစ်ရှိ လီဗာပူး နောက်ခံလူအလက်ဇန္ဒားအာနိုးကလည်းကောင်း၊ မန်ယူတိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်က ကလေးငယ်များ စားနပ်ရိက္ခာအတွက် လုပ်ဆောင်မှုများအတွက် အထူးဂုဏ်ပြုဆုကိုလည်းကောင်း ဆွတ်ခူးသွားနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment