ယန်းကီးသစ္စာ

ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်က အမေရိကန်တွင် ခေတ္တနားခိုခြင်းမဟုတ်ဘဲ ဖြစ်နိုင်သမျှ ရေရှည်ကစားချင်ကြောင်း ပြောသည်။

ထို့အပြင် ၃၂ နှစ်အရွယ် ၎င်းက ကာတာကမ္ဘာ့ဖလားက နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲမဟုတ်ဘဲ ယူရို ၂၀၂၄၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲများကိုလည်း ဆင်နွှဲချင်သေးကြောင်း ဖွင့်ဟသည်။

ကမ္ဘာ့စျေးအကြီးဆုံး ကစားသမားဖြစ်ခဲ့ဖူးသော ဘေးလ်သည် ရီးရဲလ်မက်ဒရစ်နှင့် ၉ နှစ်ကြာဖြတ်သန်းပြီးနောက် မေဂျာလိဂ်ကလပ် အယ်လ်အေအက်ဖ်စီနှင့် တနှစ်စာချုပ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသို့ မပြောင်းရွှေ့မီ မွေးရပ်မြေမှ ကာဒစ်ဖ်အပါအဝင် ပရီးမီးယားလိဂ်မှ ကလပ်များက ကမ်းလှမ်းခဲ့သော်လည်း ဘေးလ်က မေဂျာလိဂ်ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လော့စ်ဇင်းဂျလိစ်အခြေစိုက် အယ်လ်အေအက်ဖ်စီသည် ယခုရာသီတွင် အီတလီဝါရင့်နောက်ခံလူ ချီရယ်လီနီကိုလည်း ခေါ်ယူထားပြီး ယမန်နေ့က ဘေးလ်းအား မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

“ကျွန်တော် ဒီကိုလာတာ ၆ လ၊ ၁ နှစ်လောက်ကစားဖို့ မဟုတ်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် အကြာကြီး ကစားချင်တယ်။ ဒီလိဂ်ရဲ့ အမှတ်လက္ခဏာတခု ဖြစ်ချင်တယ်။

ကာလတို မကစားချင်ဘူး။ ဒါက နောက်ယူရိုပြိုင်ပွဲတခုကစားနိုင်ဖို့ အခွင့်အရေးပေးတယ်။ ဒီထက်လည်း ကာလရှည်ရှည် ကစားချင်သေးတယ်” ဟု ဘေးလ်က ဆိုသည်။

Ref:LA Times