ကလပ်လက်မဲ့ကော်စတာ ဘရာဇီးလ်ကလပ် မင်နဲရိုးကိုပြောင်းရွှေ့

ချဲလ်ဆီးနှင့် အက်သလက်တီကိုတိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာသည် ဘရာဇီးလ်ကလပ် မင်နဲရိုးသို့ တနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီဖြစ်သည်။

အသက် ၃၂ နှစ်အရွယ် စပိန်သားသည် ၂၀၂၀ ဒီဇင်ဘာလအတွင်း အက်သလက်တီကိုနှင့် စာချုပ်ဖျက်သိမ်းကာ နှစ်ဖက်သဘောတူညီမှုဖြင့် ထွက်ခွာလာပြီးကတည်းက ကလပ်လက်မဲ့ဖြစ်နေသူလည်း ဖြစ်သည်။

၎င်း စပိန်မှထွက်ခွာခဲ့ခြင်းမှာ နည်းပြဆီမြွန်နီက ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူခဲ့ခြင်းကြောင့်ဖြစ်ပြီး ထိုစဉ်ကတည်းက အခြားကလပ်များက ခေါ်ယူရန် ကြိုးစားခဲ့သည်။

ချဲလ်ဆီးတွင် ၃ ရာသီကြာကစားစဉ် ပြိုင်ပွဲစုံ ၅၉ ဂိုးသွင်းကာ ပရီးမီးယားလိဂ် ၂ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်ရယူခဲ့သော ကော်စတာသည် နည်းပြကွန်တီနှင့် ၁ နှစ်ကြာလက်တွဲပြီးနောက် အီတလီသားက အနာဂတ်အစီအမံများထဲ မပါဝင်တော့ကြောင်း အသိပေးခဲ့၍ ၂၀၁၈ တွင် အသင်းဟောင်း အက်သလက်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

မက်ဒရစ်ကလပ်မှ ထွက်ခွာလာချိန်တွင် ကော်စတာကို အာဆင်နယ်နှင့် ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားခဲ့သလို ဘင်ဖီကာကလည်း ၂ နှစ်စာချုပ်အတွက် ပေါင် ၅ သန်းဖြင့် ကမ်းလှမ်းခဲ့သေးသည်။

ဘရာဇီးလ်တွင်မွေးကာ စပိန်အသင်းကိုယ်စားပြုကစားသော ကော်စတာကို မင်နဲရိုးအသင်းက တပတ်လစာ ပေါင် ၄၀၀၀၀ ဖြင့် တနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ဘီလိုဟော်ရီဇွန်တီအခြေစိုက်ကလပ်က အပြောင်းအရွှေ့ဖြစ်မြောက်ကြောင်း Followers ၂.၂ သန်းရှိ အသင်း၏တွစ်တာ၌ ရေးသားသည်။

မင်နဲရိုးသည် ယခုနှစ်ဘရာဇီးလ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၁၆ အပြီး ပါးမီးရပ်စ်အား ၅ မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး ကော်စတာသည် ပေါ်တို၊ ဇင်းနစ်၊ ရှန်ဟိုင်းတိုက်စစ်မှူးဟောင်း ဟော့ခ်နှင့် အတူတွဲကစားရမည်ဖြစ်သည်။

Ref:dailymail