ပင်နယ်တီဂိတ်

မောင့်ပယ်လီယာအား ၅-၂ ဂိုးဖြင့် အနိုင်ရသောပွဲတွင် ပင်နယ်တီကန်ခွင့်အတွက် အချင်းများခဲ့သော တိုက်စစ်မှူး နေမာနှင့် ကီလီယန်အမ်ဘာပီတို့ကို ပီအက်စ်ဂျီအကြံပေး လူးဝစ်ကမ်ပို့စ်က ခေါ်ယူတွေ့ဆုံခဲ့သည်။

ပါ့ဒက်ပရင့်စ်ပွဲစဉ်တွင် ပွဲချိန် ၂၃ မိနစ်အရောက် ပီအက်စ်ဂျီက ပင်နယ်တီကန်ခွင့်ရခဲ့ရာ အမ်ဘာပီ၏ကန်ချက်ကို မောင့်ပယ်လီယာဂိုးသမား အွန်လင်းက ကာကွယ်နိုင်ခဲ့သည်။

ပထမပိုင်းပြီးရန် ၂ မိနစ်အလိုတွင် နောက်တကြိမ်ကန်ခွင့်ရခဲ့ရာ နေမာက ကန်ရန်ဟန်ပြင်နေစဉ် အမ်ဘာပီက အနားကပ်ကာ စကားပြောခဲ့သော်လည်း နေမာက ကန်ခွင့်မပေးခဲ့၍ ပြန်လှည့်ထွက်သွားခဲ့သည်။

ပွဲအပြီးတွင် ကြယ်ပွင့်နှစ်ယောက်သည် အဝတ်လဲခန်းအတွင်း အချေအတင်ဖြစ်ခဲ့ရာ နောက်ခံလူ ဆာဂျီယိုရာမို့စ်က ကြားဝင်ကာ ဖျန်ဖြေပေးခဲ့ရသည်။

မောင့်ပယ်လီယာပွဲဖြစ်စဉ်အား မီဒီယာများက အကျယ်တဝင့်ဖော်ပြလျက်ရှိရာ ကမ်ပို့စ်က အကျယ်အကျယ်မဖြစ်စေလို၍ နေမာနှင့်အမ်ဘာပီကို တဦးချင်းစီ ခေါ်ယူတွေ့ဆုံခဲ့သည်။

လူမှုကွန်ရက်တွင် အမ်ဘာပီသည် ပီအက်စ်ဂျီအသင်းပိုင်ရှင်သဖွယ် ပြုမူနေသည်ဆိုသော ပရိသတ်တဦး၏မှတ်ချက်ကို နေမာက like လုပ်ခဲ့ရာ ၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေးက ဆိုးရွားသော အခြေအနေရောက်နေသည်ဟု ခန့်မှန်းနိုင်သည်။

နည်းပြ ခရစ္စတိုဂယ်တီယာကလည်း ပင်နယ်တီကန်ခွင့်အတွက် သီးသန့်တာဝန်ပေးထားခြင်းမရှိဘဲ မောင့်ပယ်လီယာနှင့်ပွဲတွင် ကစားသမားများက သူ့အစီအစဉ်နှင့်သူ ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်ကြောင်း ဖြေရှင်းသည်။

Ref:CGTN