အမေးဇင်း ဖြစ်သွားစေရမယ်တဲ့

ယနေ့ညကစားမည့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် ယခင်နှင့်မတူသည့် အဆင့်အတန်းတခုဖြင့်ရှိနေသော အာဆင်နယ်ကို မြင်တွေ့ရမည်ဟု နည်းပြ မီခေးလ်အာတီတာက ကတိပြုလိုက်သည်။

အာဆင်နယ်သည် ၂၀၂၂-၂၀၂၃ ရာသီ ပထမဆုံးပွဲအဖြစ် ဆဲလ်ဟတ်ပါ့ခ်တွင် လန်ဒန်ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်နှင့် ကစားရမည်ဖြစ်ပြီး ကစားသမားသစ်များကြောင့် အာဆင်နယ်အသစ်ကို မြင်ရမည်ဟု ဆိုသည်။

အာတီတာသည် ၆ နှစ်တာ ဝေးကွာနေသော ချန်ပီယံလိဂ်ဝင်ခွင့်ကို ယခုရာသီတွင် အရယူရန်လည်း ရည်မှန်းထားသည်။

ပက်ထရစ်ဗီအဲရာ၏အသင်းသည် နွေစျေးကွက်အတွင်း ကစားသမားအသစ်များ ခေါ်ယူထားသောကြောင့် အင်အားတောင့်တင်းနေပြီး ပြိုင်ဘက်များအား ဒုက္ခပေးနိုင်မည်ဟုလည်း အာတီတာက သုံးသပ်သည်။

“ကွဲပြားတဲ့ အဆင့်တခုမှာရှိနေပြီဆိုတာကို ပြသဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လုပ်နိုင်မယ်လို့လည်း ယုံပါတယ်။ အခြားပြိုင်ဘက်အသင်းတွေ ဘာတွေလုပ်နေသလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။

တချို့ဆို ကျွန်တော်တို့ လူစာရင်းထက်တောင် ပိုတောင့်တင်းပါတယ်။ ၄၊ ၅ ယောက်ဖြည့်ထားတဲ့အသင်းတွေရှိသလို ၇ ယောက်လောက်အထိ ခေါ်ထားတဲ့ အသင်းတွေလည်း ရှိတယ်။

အဲဒီတော့ မလွယ်ဘူး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်သွားရမယ်။ ကျွန်တော်တို့ ဒီညပွဲကို လုပ်နိုင်မယ်လို့ ယုံကြည်တယ်” ဟု အာတီတာက ဆိုသည်။

Ref:arsenal