သင်ခန်းစာ ယူ

ခရစ္စတယ်ပဲလေ့စ်နှင့် တဂိုးစီသရေကျသည့်ပွဲတွင် ထုတ်ပယ်ခံရသော ဒါဝင်နူးညက်ဇ်သည် အနီကတ်နှင့်ထိုက်တန်ပြီး အဆိုပါအမှားမှတဆင့် လေ့လာသင်ယူသွားရမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က တိုက်တွန်းလိုက်သည်။

ကလော့ပ်သည် ဖူလ်ဟမ်နှင့်ပွဲတွင် လူစားဝင်ခွင့်သာပေးခဲ့သော ဥရုဂွေးတိုက်စစ်မှူးကို ပဲလေ့စ်နှင့်ပွဲတွင်မူ ပွဲထွက်လူစာရင်းမှ ကစားခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဖြင့် ဘင်ဖီကာမှရောက်လာသော နူးညက်ဇ်သည် ဂိုးရရန် နီးစပ်ခဲ့သော်လည်း တိုင်ထိထွက်ခြင်း၊ အဆုံးသတ်ညံ့ဖျင်းခြင်းကြောင့် ဂိုးမရခဲ့ပေ။

ပွဲချိန် ၅၇ မိနစ်တွင် နူးညက်ဇ်သည် အနောက်မှဆောင့်တွန်းသော ပဲလေ့စ်နောက်ခံလူ အန်ဒါဆန်ကို ထိပ်တိုက်ရင်ဆိုင်ကာ ခေါင်းဖြင့်ဆောင့်တိုက်ခဲ့၍ ကွင်းလယ်ဒိုင် တီယာနေးက တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။

ရောဘတ်တိုဖာမီနို၊ ဒီယိုဂိုယိုတာတို့ ဒဏ်ရာကြောင့် အနားယူနေရချိန် နူးညက်ဇ်ကိုပါ ထပ်မံဆုံးရှုံးရမည်ဖြစ်၍ ကလော့ပ်က စိတ်ပျက်လျက်ရှိသည်။

“ဒေါသအလျောက်ဆိုပေမယ့်လည်း ဒါက မှားယွင်းတဲ့ တုံ့ပြန်မှုပါ။ အနီကတ်က ရှင်းပါတယ်။ ဒါကို ကျွန်တော်တို့ မငြင်းပါဘူး။

ကံမကောင်းစွာပဲ နူးညက်ဇ်က ပွဲအနည်းငယ်လောက် မပါနိုင်ဘူး။ ဒါက ကျွန်တော်တို့အတွက် မကောင်းပါဘူး။

သူ့အနေနဲ့ ဖြစ်သွားတဲ့ အဖြစ်အပျက်ကနေ သင်ယူသွားရမယ်။ နောက်မဖြစ်အောင် ကြိုးစားရမယ်” ဟု ဂျာမန်သားက ဖွင့်ဟသည်။

Ref:liverpoolecho