လုပ်လိုက်စမ်း သားရီး

လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလက်သည် ဖူလ်ဟမ်နှင့်ကစားမည့် ပရီးမီးယားလိဂ် အဖွင့်ပွဲတွင် တဂိုးသွင်းနိုင်ပါက စံချိန်သစ်တခု ထပ်မံတင်နိုင်မည်ဖြစ်သည်။

အကယ်၍ နှစ်ဂိုးသွင်းနိုင်ပါက ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်များတွင် ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် စံချိန်သစ်ကိုပင် တင်နိုင်မည်ဖြစ်သည်။

၁၉၉၂ မှစတင်သော ပရီးမီးယားလိဂ် ပြိုင်ပွဲတလျှောက် ဖွင့်ပွဲများတွင် ဂိုးသွင်းအများဆုံး ကစားသမားက ၃ ဦးရှိပြီး အလန်ရှီးယား၊ ဝိန်းရွန်နီနှင့် ဖရန့်လမ်းပတ်တို့ဖြစ်သည်။

အင်္ဂလန်ကစားသမား ၃ ယောက်သည် ၈ ဂိုးစီသွင်းကာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်များ၏ အရှင်သခင်များ ဖြစ်နေသည်။

အီဂျစ်ကပ္ပတိန် ဆာလက်ကလည်း ၇ ဂိုးသွင်းထားသောကြောင့် ဖူလ်ဟမ်နှင့်ပွဲတွင် တဂိုးသွင်းပါက ရှီးယား၊ ရွန်နီ၊ လမ်းပတ်တို့နှင့် တူညီသွားမည်ဖြစ်သလို ၂ ဂိုးသွင်းပါက ၎င်းတို့ကိုပင် ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

ဆာလက်သည် မန်စီးတီးအား အနိုင်ရခဲ့သော ကွန်မြူနတီဒိုင်းပွဲစဉ်တွင်လည်း တဂိုးသွင်းခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက် မည်သူမှ မတင်နိုင်သည့် စံချိန်တခုတင်ထားသေးသည်။

အင်္ဂလန်သို့ တကျော့ပြန်ရောက်လာသည့် ၂၀၁၇ မှစ၍ ပြီးခဲ့သည့် ၂၀၂၁ အထိ ၅ နှစ်ဆက်တိုက် ပရီးမီးယားလိဂ် အဖွင့်ပွဲများတွင် ဂိုးသွင်းထားခြင်းဖြစ်သည်။

Ref:Mirror