လိုအပ်ချက်တွေ ရှိသေးတယ်

ဘရန့်ဖို့ဒ်အား ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အသင်းအင်အားတောင့်တင်းရန် ကစားသမားအသစ်များ ထပ်ခေါ်ရမည်ဟု မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ပြောသည်။

နွေစျေးကွက်မပိတ်မီ အရည်အချင်းရှိ ကစားသမားအသစ်များ လိုအပ်သည်ဟု တန်ဟက်ကဆိုပြီး ကလပ်အသင်းကိုလည်း မိမိလိုအပ်ချက်အား ဖြည့်ဆည်းပေးရန် တောင်းဆိုလိုက်သည်။

အဖွင့်ပွဲတွင် ဘရိုက်တန်အား အရေးနိမ့်ခဲ့သည့် ယူနိုက်တက်သည် အဖွင့် ၂ ပွဲဆက်တိုက် အရေးနိမ့်ခြင်းဖြစ်လာပြီး အမှတ်ပေးဇယားအောက်ဆုံး၌ ရပ်တည်နေသည်။

ထိုသို့ရပ်တည်နေခြင်းက ပရီးမီးယားလိဂ်စတင်သည့် ၁၉၉၂ မှစ၍ ယူနိုက်တက်အတွက် ပထမဆုံးအကြိမ်လည်း ဖြစ်လာသည်။

“ကျွန်တော်တို့ ဒီနေ့ပြသခဲ့တဲ့ အဆင့်အတန်းထက် ပိုမိုမြင့်တာမျိုး လုပ်ပြချင်တယ်။ ကျွန်တော်တို့က ခက်ခဲတဲ့ကာလတခုကို ဖြတ်သန်းနေရတဲ့ အသင်းတသင်းပါ။

မတူကွဲပြားတဲ့ စတင်မှုကို ခင်ဗျားလည်း မျှော်လင့်ထားမှာပဲ။ အခုဖြစ်ပျက်နေတာက ကျွန်တော်တို့ မျှော်လင့်ထားတာမျိုး မဟုတ်ပါဘူး။

ကျွန်တော်တို့ အရည်အချင်း အပြည့်ရှိတဲ့ ကစားသမားသစ်တွေ လိုအပ်တယ်။ ဒီလိုကစားသမားတွေ အသင်းဆီရောက်လာဖို့ အရာအားလုံးလုပ်သွားမယ်” ဟု တန်ဟက်က ဖွင့်ဟသည်။

Ref:eurosport