နောက်ဆက်တွဲ ဂယက်

လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးညက်ဇ်နှင့် ပြဿနာဖြစ်ခဲ့သော ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂျိုအာချင်အန်ဒါဆန်သည် အသက်အန္တရာယ် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

ဒိန်းမတ်လက်ရွေးစင် အန်ဒါဆန်သည် ပွဲချိန်တစ်လျှောက်လုံး နူးညက်ဇ် စိတ်အနှောင့်အယှက်ဖြစ်စေရန် လုပ်ဆောင်ခဲ့သည်။

ဒုတိယပိုင်းတွင် လီဗာပူးလ်၏ စျေးအကြီးဆုံးကစားသမားကို အနောက်မှ တကြိမ်တွန်းခဲ့သလို နောက်တကြိမ်လည်း ဆောင့်တွန်းခဲ့သည်။

ထိုအခါ နူးညက်ဇ်က ဒေါသပေါက်ကွဲကာ ခေါင်းနှင့်ဆောင့်တိုက်ခဲ့သောကြောင့် ကွင်းလယ်ဒိုင်လူကြီး ပေါလ်တီယာနေးက တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ အန်ဒါဆန်သည် လူမှုကွန်ရက်တွင် ရုန့်ရင်းကြမ်းတမ်းသည့် မက်ဆေ့ချ်များရရှိနေပြီး အသက်အန္တရာယ်ခြိမ်းခြောက်မှုများလည်း ပါဝင်ကြောင်း ဖွင့်ဟသည်။

“မနေ့ညက မက်ဆေ့ချ် ၃၀၀-၄၀၀ လောက် တွေ့ရတယ်။ အသင်းတသင်းကို အားပေးတာ နားလည်လက်ခံပေမယ့်လည်း လေးစားမှုရှိဖို့နဲ့ အွန်လိုင်းပေါ်မှာ ကြမ်းကြမ်းတမ်းတမ်း လုပ်နေတာတွေကို ရပ်တန့်ရပါမယ်။

အင်စတာဂရမ်နဲ့ ပရီးမီးယားလိဂ်တို့ကလည်း ဒါနဲ့ပတ်သက်ပြီး တခုခု လုပ်ဆောင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု အန်ဒါဆန်က ပြောသည်။

Ref:express