ခဏနားလိုက်ဦး

ဖူလ်ဟမ်နှင့်ကစားမည့် ပရီးမီးယားလိဂ် အဖွင့်ပွဲတွင် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသော တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို အရန်စာရင်းတွင်သာ အသုံးပြုဖွယ်ရှိကြောင်း လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောသည်။

ဘင်ဖီကာမှ ပေါင် ၈၅ သန်းဖြင့် ခေါ်ယူထားသော ဥရုဂွေးသားသည် မန်စီးတီးအား အနိုင်ရသော ကွန်မြူနတီဒိုင်းပွဲစဉ်တွင် ခြေစွမ်းပြကာ တဂိုးသွင်းနိုင်ခဲ့သည်။

ပွဲချိန် ၅၉ မိနစ်ရောက်မှ ဖာမီနိုအစား လူစားဝင်လာသော နူနက်ဇ်သည် ပရီးမီးယားလိဂ်ချန်ပီယံနှင့်ပွဲတွင် ခြေစွမ်းပြနိုင်သောကြောင့် ဖူလ်ဟမ်နှင့်ပွဲ၌ ပွဲထွက်လူစာရင်းမှ ပါဝင်ခွင့်ရနိုင်သည်ဟု သုံးသပ်မှုများ ထွက်ပေါ်နေသည်။

သို့သော်လည်း ဂျာမန်သားက မိမိတွင် အခြားရွေးချယ်စရာနည်းလမ်းများ ရှိနေသေးသည်ဟုဆိုကာ နူနက်ဇ်၏ပွဲထွက်ခွင့်အပေါ် မရေမရာစကား ပြောကြားခဲ့သည်။

“ဒါဝင်က အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ ဒါက သူ ပွဲထွက်လူစာရင်းကနေ ကစားမယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်လည်း မသိဘူး။

ကျွန်တော်တို့မှာ ကွဲပြားတဲ့ အခြားရွေးချယ်စရာတွေ ရှိပါသေးတယ်။ သူ့အနေနဲ့ အရာအားလုံးကို လိုက်လျောညီထွေဖြစ်နိုင်ဖို့အတွက် အချိန်ယူရပါဦးမယ်။

သူက အသင်းအပေါ် တကယ်ကို အကူအညီပေးနိုင်သူပါ။ အမြန်ဆုံး အထိုင်ကျခဲ့တယ်။ ရာသီကြို လေ့ကျင့်မှုတွေကလည်း သူ့အတွက် သင့်တော်ကောင်းမွန်ပါတယ်” ဟု ကလော့ပ်က ပြောသည်။

Ref:Metro