ကြယ်ပွင့်နိဂုံး

တိုက်စစ်မှူးရော်နယ်ဒို အသင်းတွင် ဆက်ရှိမည်ဟုပြောထားသော မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်သည် ယခုအခါ ၎င်း၏သဘောထားကို ပြောင်းလဲလိုက်ပြီဟု ဗြိတိန်မီဒီယာများက ဖော်ပြသည်။

ရာသီကြိုခြေစမ်းခရီးစဉ်များအား မိသားစုအကြောင်းပြချက်ဖြင့် လွဲချော်ခဲ့သော ၎င်းသည် ဘရန့်ဖို့ဒ်အား ၄ ဂိုးပြတ်ရှုံးနိမ့်သောပွဲတွင် ပွဲထွက်လူစာရင်းမှ ပါဝင်ခွင့်ရသော်လည်း ဂိုးသွင်းနိုင်ခြင်း မရှိပေ။

ပွဲအပြီးတွင် ရော်နယ်ဒိုသည် အဝေးကွင်းသို့ လိုက်ပါအားပေးသော ပရိသတ်များအား လက်ခုပ်တီးနှုတ်ဆက်ခြင်း မရှိခဲ့သလို လက်ထောက်နည်းပြ စတိဗ်မက္ကလာရင်နှင့်လည်း ဆွေးနွေးခဲ့သည်။

၎င်း၏အပြုအမူက အသင်းအတွက် အနုတ်လက္ခဏာဆောင်ပြီး အဝတ်လဲခန်းအတွင်း သက်ရောက်မှုကြီးမားနိုင်ကြောင်း ဒေးလီးမေးလ်က သုံးသပ်သည်။

ဘရန့်ဖို့ဒ်နှင့်ပွဲအပြီးတွင် တန်ဟက်သည် အသင်းသားများအား နားရက်ပေးခြင်းကိုဖျက်သိမ်းကာ လေ့ကျင့်ခိုင်းခဲ့ပြီး ကာရင်တန်လေ့ကျင့်ရေးကွင်း ကန်တင်း၌ တဦးတည်း နေ့လယ်စာစားနေသည့် ရော်နယ်ဒို၏ပုံများ ထွက်ပေါ်လာသည်။

တန်ဟက်ကလည်း ၎င်းကို အသင်းတွင် ဆက်လက်ထိန်းထားမည့် အစီအမံအားဖျက်သိမ်းကာ ထွက်ခွာရန် မီးစိမ်းပြလိုက်ပြီလည်း ဖြစ်သည်။

ထို့ကြောင့် ချန်ပီယံလိဂ် ကစားချင်သည်ဟု ပြောထားသော ရော်နယ်ဒိုသည် ယခုလ ၃၁ ရက်တွင် ပိတ်သိမ်းမည့် နွေစျေးကွက်မကုန်မီ အသင်းသစ်ရှာဖွေရတော့မည်ဖြစ်သည်။

Ref:dailymail