ကျားသနားမှလား

ဘရိုက်တန်နှင့်ကစားမည့် ပရီးမီးယားလိဂ် အဖွင့်ပွဲတွင် အရန်လူစာရင်းတွင်သာ ပါဝင်ခွင့်ရမည့် မန်ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုသည် ယခုအခါ ၁၁ ဦးစာရင်းမှ ပါဝင်ခွင့်ရနိုင်တော့မည်ဖြစ်သည်။

ရော်နယ်ဒိုသည် ထိုင်းနှင့် ဩစတြေးလျခရီးစဉ်များအား မိသားစုအကြောင်းပြချက်ဖြင့် လိုက်ပါခြင်းမရှိသလို ဗယ်လီကာနိုနှင့် နောက်ဆုံးခြေစမ်းပွဲတွင်လည်း ပွဲမပြီးခင်မှာပင် ကွင်းထဲမှ ထွက်ခွာသွားခဲ့သည်။

ထို့ကြောင့် နည်းပြအဲရစ်တန်ဟက်က စနေည ဘရိုက်တန်ကို လက်ခံကစားရမည့်ပွဲတွင် ၎င်းကို အရန်လူစာရင်းထဲထည့်သွင်းလိုက်ပြီး အန်ထော်နီမာရှယ်၊ မားကပ်စ်ရက်ရှ်ဖို့ဒ်နှင့် ဂျေဒန်ဆန်ချိုတို့ကို ပွဲထွက်အသုံးပြုမည်ဖြစ်သည်။

သို့သော်လည်း မာရှယ်က အသေးစားတံကောက်ကြောဒဏ်ရာကြောင့် ရက်အနည်းငယ် အနားယူရတော့မည်ဖြစ်ရာ ရော်နယ်ဒိုက ပွဲထွက်လူစာရင်းမှ ပါဝင်ခွင့်ရလာတော့မည်ဖြစ်သည်။

အဌားစာချုပ်ပြည့်၍ ဆီဗီလာမှ ပြန်လည်ရောက်ရှိလာသော မာရှယ်သည် ရာသီကြိုခြေစမ်းပွဲများတွင် အစွမ်းပြနိုင်ခဲ့ပြီး အက်သလက်တီကိုနှင့်ပွဲ၌ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

၎င်းသည် ဗယ်လီကာနိုနှင့်ပွဲတွင်လည်း အသင်းလူစာရင်းထဲ ပါဝင်ခြင်းမရှိဘဲ ဩဂုတ် ၁၃ ရက် ဘရန့်ဖို့ဒ်နှင့်ပွဲတွင် ကစားနိုင်ရန် မျှော်မှန်းထားသည်။

သို့သော်လည်း ဒဏ်ရာအရှင်းမပျောက်ပါက မာရှယ်သည် ဘရန့်ဖို့ဒ်နှင့်ပွဲကိုပါ လွဲချော်ဦးမည်ဖြစ်ပြီး ဩဂုတ် ၂၂ လီဗာပူးလ်နှင့်ပွဲမှသာ ပြန်ကစားနိုင်မည်ဖြစ်သည်။

Ref:TheAthletic