Dream XI တွင် မက်ဆီနှင့် အူဘာမီယန်ကို ချန်ထားခဲ့သည့် အိုဇေးလ်

အာဆင်နယ်ကွင်းလယ်ဖန်တီးရှင်အိုဇေးလ်သည် သူ၏အကောင်းဆုံးအသင်းတွင် လီယွန်နယ်မက်ဆီကို ချန်ထားခဲ့သည့်အပြင် အာဆင်နယ်ကစားဖော်ဟောင်းများထဲမှ တစ်ဦးတည်းသာ ထည့်သွင်းရွေးချယ်သွားသည်။

အသက် ၃၁ နှစ်ရှိ အိုဇေးလ်သည် Twitter တွင် ပြုလုပ်သည့် ပရိသတ်များနှင့် အမေး/အဖြေအစီအစဉ်တွင် သူ့အကောင်းဆုံးအသင်းကို ရွေးချယ်သွားခဲ့ခြင်းလည်း ဖြစ်သည်။

ဂျာမနီလက်ရွေးစင်ကစားသမားဟောင်းသည် သူ၏အကောင်းဆုံးအသင်းတွင် ရီးရဲလ်မက်ဒရစ်ကစားဖော်ဟောင်း ၈ ဦးအထိ ထည့်သွင်း ရွေးချယ်သွားခဲ့သည်။

အိုဇေးလ်၏အကောင်းဆုံးအသင်းတွင် ဂျာမနီကစားဖော်နှစ်ဦးအဖြစ် ဂျီရုမ်းဘိုတန်းနှင့် ဖီးလစ်လမ်းတို့သာ ပါဝင်ပြီး အာဆင်နယ်ကစားသမားဟောင်း အဖြစ် ဆန်တီကာဇိုလာတစ်ဦးတည်းသာ ထည့်သွင်းသွားသည်။ အထူးခြားဆုံးမှာ အိုဇေးလ်သည် တိုက်စစ်မှူးနေရာတွင် အာဆင်နယ်ကစားဖော် အူဘာမီယန်ကို မထည့်သွင်းဘဲ ဘန်ဇီးမားကို ရွေးချယ်ခဲ့ခြင်းမှာ အထူးခြားဆုံးဖြစ်သည်။

အိုဇေးလ်၏အိပ်မက် ၁၁ ဦးစာရင်းကို ၄-၂-၃-၁ ဖြင့် ရွေးချယ်သွားခဲ့ခြင်းဖြစ်သည်။ ဂိုးနေရာတွင် ကားဆီးလက်စ်ကို ရွေးချယ်ခဲ့ကာ နောက်တန်းတွင် ဖီးလစ်လမ်း၊ ရာမို့စ်၊ ဘိုတန်း၊ မာဆယ်လိုတို့ ပါဝင်ခဲ့သည်။ ကွင်းလယ်ခံစစ်တွင် အလွန်ဆိုနှင့် ကာဇိုလာတို့ ပါဝင်ကာ အလယ်တန်းတိုက်စစ်တွင် ဒီမာရီယာ၊ ကာကာ၊ ခရစ္စတီယာနိုရော်နယ်ဒိုတို့ ပါဝင်ခဲ့ပြီး တိုက်စစ်တွင် ဘန်ဇီးမား ပါဝင်ခဲ့သည်။

အိုဇေးလ်သည် ရီးရဲလ်မက်ဒရစ်တွင် လေးရာသီကစားခဲ့ဖူးပြီး လာလီဂါဖလား၊ ကိုပါဒယ်ရေးဖလားတို့ကို တစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သည်။

အာဆင်နယ်သို့ ၂၀၁၃ ခုနှစ်တွင် ရောက်လာခဲ့သည့် အိုဇေးလ်သည် အာဆင်နယ်နှင့်အတူ အက်ဖ်အေဖလားသုံးကြိမ် ဆွတ်ခူးထားနိုင်သည်။ သူသည် အာဆင်နယ်တွင် ကစားစဉ်အတွင်း အကောင်းဆုံးပုံစံမရရှိမှုကြောင့် ဝေဖန်မှုများ ခံလာခဲ့ရသူဖြစ်ပြီး နောက်ဆုံးခြောက်လအတွင်းတွင် တစ်ကြိမ်မျှ ကစားခွင့် မရရှိသေးချေ။

သူသည် အာဆင်နယ်နှင့် တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ တန် တစ်နှစ် စာချုပ်ကျန်နေသေးသည်။ အာဆင်နယ်က စာချုပ်ကို ဖျက်သိမ်းလိုသော်လည်း သူကိုယ်တိုင်ကမူ စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ကစားရန် စီစဉ်နေသည်။

သူသည် အာဆင်နယ်နှင့်အတူ ရာသီကြိုလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပြီး လာမည့် ရာသီအတွက် ပြင်ဆင်နေသည်။

အာဆင်နယ်သည် စနေနေ့တွင် ဖူလ်ဟမ်နှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲ ကစားသွားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment