Dark Side ဆိုတာ ငါတို့အားလုံးရဲ့မရှိသုံး မြင်းရထားပဲ
ငါတို့ ခုန်ဆင်းပြီးပြန်ခဲ့တယ်

📰 Nကြယ်မင်း

ဒါက ကပ်ဆိုးတစ်ခုရဲ့အချိန်အခါဖြစ်ပါတယ်။ လူသားတစ်ဦးချင်းစီရဲ့ လွတ်ရာလွတ်ကြောင်း နေထိုင်တတ်မှု၊ အကောင်းမြင်တတ်မှု၊ ကိုယ်ဖော့နည်း တတ်ကျွမ်းမှုတွေကြောင့် ဘာမှမဖြစ်သလို လမ်းပေါ်ထွက်၊ လိုင်းပေါ် တင်နေကြဆဲဆိုပေမယ့် ဒါက သိပ်ကိုဆိုးရွားနေကြောင်း ဘယ်သူမဆို သိပါတယ်။

ဈေးဆိုင်တွေ၊ ကုမ္ပဏီတွေ၊ ဘော်ဒါဆောင်တွေ၊ အဝေးပြေးယာဉ်လိုင်းတွေ ဘာတစ်ခုမှ အကောင်းအတိုင်းမကျန်နိုင်တော့တဲ့ ဘဝတွေပါ။ ဒီစာကို ဖတ်နေသူ၊ ပြီးတော့ ရေးနေသူ၊ ပြီးတော့ အခြားသော အလွတ်ကမ္ဘာကြီး။

ဘယ်သူမှ အကောင်းအတိုင်း ပြန်မရနိုင်တော့ချိန်တွေမှာ နာကျင်စရာတွေကို ကျွန်တော်ထပ်ပြီး မဖြည့်စွက်လိုပါဘူး။ သာသာညင်းညင်းရှိနေတဲ့၊ ကြည့်ပြီး ကျေနပ်စရာဖြစ်လာတဲ့ ဘောလုံးပွဲအကြောင်းတွေသာ ဖောက်သည်ချချင်ခဲ့ပါတယ်။

ဟော့ဒီမှာ လက်စတာပါ။ မာရက်ဇ်နဲ့ကြွက်ကလေးတို့ ထွက်သွားပြီးတဲ့နောက် ရေနီယာရီ အောင်မြင်ခဲ့တဲ့ရာသီဟာ ရေပွက်ပမာလား ကျွန်တော်တို့ ပစ်တွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Beer Chang တွေဟာ သတိကြီးခဲ့ပါတယ်။

ဘယ်အချိန်မှာ ဘာလုပ်ရမယ်နဲ့ ဘယ်သူ့ကို ချဉ်းကပ်ရမယ် ဆိုတာက အစပေါ့။ သူတို့ဟာ ဘရန်ဒန်ရော်ဂျာကို ဆဲလ်တစ်က သွားပြီး ပင့်ဆောင်လာခဲ့ကြပါတယ်။

မနှစ်က ကိုဗစ်သာ လာနှောက်မသွားရင် သူတို့ ထိပ်ဆုံး ၄ သင်းထဲက ဖယ်ပေးရပါ့မလား သေချာလိမ့်မယ်မဟုတ်ပါဘူး။ အခုတော့ လက်စတာဟာ လိဂ်ရဲ့ဦးဆောင်အသင်း ပြန်ဖြစ်လာပါတယ်။

မန်စီးတီးကွင်းမှာ 2-5 ဆိုတာ နည်းနည်း မများဘူးလား။ ဝမ်းနည်းပါတယ်။ အဲ့ဒါကပဲ လက်စတာအသစ် ဖြစ်ပါတယ်။

ရေနီယာရီ တည်ဆောက်ခဲ့၊ ထားရစ်ခဲ့တာတွေထဲက ဘယ်အနှစ်အသားမှ ဖဲ့မထုတ်ပစ်သလို ဆက်လက်ပြီး ပြုပြင်ပြောင်းလဲရမှာတွေ စိုက်လိုက်မတ်တပ် လုပ်ဆောင်သွားဖို့ မြောက်အိုင်ယာလန်သား၊ လီဗာပူးနည်းပြဟောင်းဟာ မပျက်ကွက်ခဲ့ပါဘူး။

အခုတော့ ကက်စ်ပါရှမိုက်ကယ် အဟောင်းမှသည် မက်ဒီဆန်အသစ် ဖြစ်လာတယ်။ ဝက်စ်မော်ဂန် အိပ်မက်မှသည် ဆိုယွန်ချူ အနာဂတ်အလံတော်ဖြစ်လာတယ်။

ဘဝမှာ အလွယ်တကူ ပြီးဆုံးခဲ့တယ်မရှိပါဘူး။ ဆက်သွားချင်စိတ်ပဲ လိုတယ်ဆိုတာ ဘရန်ဒန်ရော်ဂျာကသက်သေပြပါတယ်။ ခေါ်သံပြုပါတယ်။ အဲ့ဒါမမိုက်ဘူးလား..။

ဒီလိုပဲ အဲဗာတန်ရှိပါတယ်။ သမိုင်းစာအုပ်လှန်ပြီး ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေဖို့ မရှိပါဘူး။ ကျွန်တော်တို့နဲ့ အဲဗာတန်သေချာခဲ့ချိန်တွေဟာ ဒေးဗစ်မိုယက်စ်နဲ့ပဲ စတင်ခဲ့ပါတယ်။

2003-04 မှာ ကံကောင်းလို့ တန်းမဆင်းရဘဲ ကပ်ပြီး ကျန်နေခဲ့တဲ့အသင်းဟာ နောက်ရာသီမှာ အဆင့် ၄ ရောက်နေလိမ့်မယ်လို့ ဘယ်သူကများ ထင်ခဲ့လို့လဲ။

ဒါပေမဲ့ အဲ့ဒါဟာ ဖြစ်ခဲ့ပါတယ်။ ဒေးဗစ်မိုယက်စ်ဟာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တွေတုန်းက ဝိန်းရွန်းနီလေးလည်း ရှိသေးတာပေါ့။

ကွင်းလယ်မှာ ဂရာဗီဆင် ကတုံးကို လိုက်ရှာနေကြရချိန် ဖြစ်တယ်။ အခု အာဆင်နယ်နည်းပြ အာတေးတားဟာ ပြောရေးဆိုခွင့်မရှိတဲ့ ကွင်းလယ်လူဖြစ်တယ်။

ပြီးတော့ တရုတ်ကလေး လီတိုင်းဟာ ဟိုပြေးဒီပြေး ရှိနေလိမ့်မယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ချစ်စွာသော တင်မ်ကာဟေးလ် ဖြစ်ပါတယ်။ ကြာခဲ့ပါပြီ။

အချိန်တွေဟာ ရွာလူမိုက်လိုပဲ ဇွတ်တရွတ် သွားလာနေပါတယ်။ အဲ့ဒီလို စွဲထင်ခဲ့ရပါသော အဲဗာတန်ဟာ မျှော်လေတိုင်း ဝေးချေပြီလား ကျွန်တော်တို့စိတ်လျှော့ခဲ့ကြဖူးတယ်။

အခုတော့ အန်ဆယ်လော့တီရှိနေပြီ ဖြစ်ပါတယ်။ မနှစ်က သူရောက်လာပြီး အသင်းက ထုံ့ပိုင်းထုံ့ပိုင်း ဆက်ရှိနေတော့ ဘဲကြီးက ရေလာခပ်တာပါကွာလို့ ပုတ်ထုတ်မိကြပြန်တယ်။

ဘုရားရေ..အခုတော့ ၃ ပွဲကစားပြီး ၃ ပွဲလုံးကိုပဲ အနိုင်ယူလိုက်ပါရောလား။ ကားလ်ဗတ်လီဝင်ဟာ ကြည့်နေရင်း သန်စွမ်းလာပါတယ်။

ဟာမီးရိုဒရီဂွက်ဇ်က ခြားနားတဲ့အဆင့်အတန်းနဲ့ တန်ဖိုးတစ်ခုကို ဆောင်ယူလာပါတယ်။ အယ်လန်၊ ဒူကိုရေးတို့ဟာ ဂွတ်ဒီဆင်ပါ့ခ်ကို မြူးကြွားစေရာ စစ်ကူတွေဖြစ်တယ်။

ပြီးတော့ ရစ်ချာလီဆန်ကြီးပေါ့လေ။ ဖြည်းဖြည်းလုပ်ပါ ကောင်လေး။ သူဟာ စိတ်လိုလက်ရ ကစားတတ်လွန်းတော့ ထိပ်ဆုံးအဆင့်နဲ့ ဝေးနေရတာပဲဖြစ်ပါတယ်။

အဲဗာတန် ဘယ်တုန်းကမှ မပိုင်ဆိုင်ဘူးတဲ့ အန်ဆယ်လော့တီလို နည်းပြတစ်ယောက်နဲ့အတူ အဲဗာတန်ဟာ မာဆေးဆိုက်ရဲ့နေရောင်နုနုကလေးတွေကို နမ်းရှိုက်စပြုနေခဲ့ပါပြီ။

တကယ်ပါပဲ..။ ဘဝဟာ ဘယ်တော့မှ Dark Side တစ်ခုတည်းမှာ ရပ်မနေပါဘူး။ ငါတို့ဟာ သေရအောင် မွေးလာတယ်ဆိုတာ ဉာဏ်ဗလနည်းပါးသူတွေရဲ့ အားလျှော့သံသာဖြစ်ပါတယ်။

အခုပဲကြည့်၊ ပရီးမီးယားလိဂ် တောင်တန်းကြီးတွေဆီမှာ လက်စတာနဲ့ အဲဗာတန်တို့ နေထွက်လာပြီ။ အားလုံးကိုရွှင်လန်းစေခဲ့ပြီ။ ကျွန်တော်တို့လည်း သွားကြစို့။

Facebook Comments Box
Facebook Comment