
CR7 မဟာလူသား
လူတိုင်းဟာ ကိုယ်ကြိုက်တာ
လုပ်ခွင့်ရှိတယ်။ ကောင်းမှုရော၊
မကောင်းမှုပါ လုပ်နိုင်တယ်။
အကျိုးဆက်ကတော့
ကိုယ်ရွေးချယ်တဲ့အပေါ်မှာ
မူတည်ပါတယ်။
ကိုယ့်ရဲ့ ရွေးချယ်မှုအပေါ်
ဝေဖန်တာတွေ ရှိမယ်။
ဒါပေမဲ့ ပတ်ဝန်းကျင်ကို
ဂရုစိုက်နေရင် ကိုယ့်ရဲ့လမ်း
ယိမ်းယိုင် ဘေးချော်သွားဖို့ရှိတယ်။
ဘာကိုမှ ဂရုမစိုက်ဘဲ
ကိုယ့်လမ်းကိုယ်လျှောက်တာ
အကောင်းဆုံးပဲ။
အရှေ့အလယ်ပိုင်းကို
ရွေးချယ်လိုက်တဲ့အတွက်
ရော်နယ်ဒိုဟာ ဝေဖန်မှုတွေနဲ့
ရင်ဆိုင်ခဲ့ရတယ်။ ငွေကို
ရွေးချယ်ခဲ့လို့ သူ့ရဲ့
နိုင်ငံတကာကစားသမားဘဝ
အဆုံးသတ်သွားနိုင်တယ်ဆိုတဲ့
သုံးသပ်မှုတွေလည်း ရှိတယ်။
နိုင်ငံအသင်းနည်းပြတွေဟာ
ဥရောပထိပ်တန်းလိဂ်တွေမှာ
ကစားနေသူတွေထဲကမှ
ရှယ်ကောင်းနေသူတွေကိုပဲ
ရွေးတာ။
ဘယ်လောက်ပဲ ကောင်းပါစေ၊
ဥရောပပြင်ပ ထွက်ကစားနေသူတွေကို
ရွေးဖို့ဆိုတာ တော်တော်ရှားတယ်။
ငွေမျက်နှာကြောင့် အာရှကို
စွန့်စားခန်းထွက်လာသူတွေရဲ့
နိုင်ငံတော်ကျရှုံးခန်းတွေကို
ကျွန်တော်တို့ မြင်ခဲ့ရပေါင်းများပြီ။
ရော်နယ်ဒိုအသက်က ၃၈ နှစ်
ကျော်နေပြီ။
နေဝင်ချိန်တောင် တော်တော်လေး
ရောက်နေတဲ့သဘော။ ဒီကြားထဲ
ပေါ်တူဂီက နည်းပြအပြောင်းအလဲ
ဖြစ်ခဲ့တယ်။ ယူရိုချန်ပီယံဖလားကို
အတူရယူခဲ့တဲ့ ဆန်းတို့စ်ကတောင်
ကာတာမှာ ရော်နယ်ဒိုကို အရန်ခုံပေါ်
ပို့ထားတာ။ လူငယ်တွေကို
ဦးစားပေးတတ်တဲ့ ဘယ်လ်ဂျီယံ
ရွှေရောင်မျိုးဆက်ပဲ့ကိုင်ရှင်
မာတီနက်ဇ်လက်ထက်မှာ
CR7 သွားပြီပေါ့။
တော်တော်များများက
ဒီအတိုင်းပဲ ထင်ခဲ့ကြတယ်။
နည်းပြအပြောင်းအလဲမှာ
နေရာရနေသူတွေ ထိုင်ခုံပျောက်တာ၊
အရန်ခုံပေါ် ထိုင်နေရသူတွေ
ဦးစားပေးနေရာရလာတာတွေက
ဖြစ်တတ်တယ်။ ဒီတော့
အသက်အရွယ်အရရော၊
ခြေစွမ်းပိုင်းမှာပါ အကျပိုင်း
ရောက်သွားတဲ့ ရော်နယ်ဒိုတယောက်
ပေါ်တူဂီဂျာစီကို ဝတ်ဆင်ခွင့်ရဖို့
မလွယ်တော့ဘူးပေါ့။
ဒါပေမဲ့ ပေါ်တူဂီနည်းပြရာထူး
ရယူအပြီးမှာပဲ မာတီနက်ဇ်က
ရော်နယ်ဒိုကို ကပ္ပတိန်အဖြစ်
ဆက်ခန့်မယ်။ အသင်းအတွက်
အလွန်အရေးပါသူလို့လည်း
ဖွင့်ပြောခဲ့တယ်။ CR7 ရဲ့
များပြားလှတဲ့ အတွေ့အကြုံတွေကို
လူငယ်တွေဆီ လက်ဆင့်ကမ်းပေးချင်တဲ့
သဘောလည်း ပြောသွားခဲ့တယ်။
မာတီနက်ဇ်က ပြောသလိုလည်း
လုပ်ခဲ့တယ်။ သူ့လက်ထက်
၃ ပွဲစလုံးမှာ ရော်နယ်ဒိုကို
ပွဲထွက်လူစာရင်းကနေ
ထုတ်သုံးတယ်။ ရွှေဘောလုံးဆု
၅ ဆုရှင်က ၄ ဂိုးသွင်းနိုင်ခဲ့တယ်။
ဒါကြောင့် သူဟာ ပေါ်တူဂီအတွက်တော့
ပစ်ပယ်လို့မရနိုင်သေးတဲ့
ရှေးဟောင်းပစ္စည်းတခုလိုပဲ။
ယနေ့ညကစားမယ့်
အိုက်စလန်နဲ့ပွဲမှာလည်း
CR7 ကို အသုံးပြုသွားမယ်လို့
မာတီနက်ဇ်က အတည်ပြုထားတယ်။
နိုင်ငံတကာပွဲ ၂၀၀ ပြည့်
ကစားနိုင်တဲ့ ပထမဆုံးကစားသမား
ဖြစ်လာဖို့ ပါရမီဖြည့်ပေးတာပေါ့။
၂၀၀၃ ကစလို့ ပေါ်တူဂီအတွက်
ကစားလာတဲ့ ရော်နယ်ဒိုဟာ
အခုဆိုရင် နိုင်ငံတကာ
၁၉၉ ပွဲအထိ ကစားပြီးသွားပြီ။
လက်ရှိမှာ သူက နိုင်ငံတကာပွဲ
အများဆုံးကစားထားသူ။
ဒုတိယနေရာမှာ ရှိနေသူက
ရော်နယ်ဒိုနဲ့ သက်တူရွယ်တူ
ကူဝိတ်တိုက်စစ်မှူး အယ်မူတာဝါ။
သူကလည်း မနားသေးဘူး။
ကစားနေတုန်းပဲ။ ဒါပေမဲ့
အယ်မူတာဝါက ၁၉၆ ပွဲဆိုတော့
ရော်နယ်ဒိုထက် ၃ ပွဲနည်းနေသေးတယ်။
ရော်နယ်ဒိုဟာ နိုင်ငံတကာပွဲ
၁၀၀ ပြည့်ကစားခွင့်ရတဲ့
ပထမဆုံး ကစားသမား မဖြစ်ခဲ့ပါဘူး။
ဒါပေမဲ့ သူဟာ ပွဲ ၂၀၀ ပြည့်တဲ့
ပထမဆုံးလူသားအဖြစ်
မကြာခင် စံချိန်ရေးထိုးပါတော့မယ်။
အရှုံးမပေးတတ်သူအတွက်
ထိုက်တန်တဲ့ဆုလာဘ်ဆိုတာ
ရှိစမြဲပဲလေ။