COVID-19 ရောဂါ ကူးစက်ခံထားရသူ ရော်နယ်ဒို အမြန်ဆုံးပျောက်ကင်းရန် ပေါ်တူဂီအသင်း ဆုတောင်းပေး

ပေါ်တူဂီအသင်းသည် COVID-19 ရောဂါ ကူးစက်ခံထားရသော အသင်းခေါင်းဆောင် ရော်နယ်ဒို အမြန်ဆုံး သက်သာပျောက်ကင်းစေရန် ဆုမွန်ကောင်း တောင်းပေးခဲ့သည်။

လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်းက ထုတ်ပြန်သော ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်၏ ကြေညာ ချက်ထဲတွင် အသင်းခေါင်းဆောင် ရော်နယ်ဒို COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း၊ ထို့ကြောင့် ၎င်းအား အသင်းမှ ထွက်ခွာခွင့် ပေးလိုက်ပြီဖြစ်သောကြောင့် ဆွီဒင်နှင့် ကစားမည့် နေးရှင်းလိဂ်ပွဲစဉ်ကို ပါဝင်ကစားနိုင်မည် မဟုတ်ကြောင်း ပါရှိသည်။

အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုသည် ပြင်သစ်နှင့် ဂိုးမရှိသရေကျသော နေးရှင်းလိဂ်ပွဲတွင် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ရက်ပိုင်းအကြာမှာပင် COVID-19 ရောဂါ ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။

ရောဂါပိုး ကူးစက်ခံရသည့် ရာဇဝင်အတိအကျကို ကာယကံရှင်နှင့် ပေါ်တူဂီဘောလုံး အသင်းတို့က မထုတ်ပြန်နိုင်သေးပေ။

ပေါ်တူဂီအသင်းက နောက်ဆက်တွဲထုတ်ပြန်သော ကြေညာချက်ထဲတွင် “ရော်နယ်ဒို ဟာ လက်ရှိမှာ တစ်ဦးတည်း သီးသန့်နေထိုင်နေသလို COVID-19 ရောဂါလက္ခဏာ ပြသတာတွေလည်း မရှိသေးပါဘူး။ ကျွန်တော်တို့ အသင်းကလည်း သူ အမြန်ဆုံး သက်သာလာစေဖို့ ဆုမွန်ကောင်း တောင်းပေးပါတယ်” ဟု ပါရှိသည်။

နိုင်ငံတကာ မီဒီယာများက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၅ ဆုရှင် ရော်နယ် ဒို COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း အသီးသီး ဖော်ပြနေချိန်တွင် ၎င်း၏ တရားဝင် လူမှုကွန်ရက်အကောင့်များတွင်မူ အတည်ပြုကြေညာခြင်း မရှိသေးပေ။

Ref:twitter

Facebook Comments Box
Facebook Comment