နိုက်ကလပ်သွားခဲ့သည့် သူ့သားသမီးထံမှ ကိုဗစ်ကူးစက်ခံရဟု မီဟိုင်းလိုဗစ် ဖွင့်ဟ

ဘိုလော့ဂ်နာနည်းပြဆီနီဆာမီဟိုင်းလိုဗစ်က သူ့သားသမီးများထံမှ COVID-19 ကူးစက်ခံရသည်ဟု ယူဆကြောင်း ပြောကြားလိုက်သည်။

ဆားဘီးယားလူမျိုးနည်းပြသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်တုန်းက သွေးကင်ဆာ ရောဂါခံစားခဲ့ဖူးရာ COVID-19 ကူးစက်ခံရကြောင်း သိရှိရပြီးနောက် အားလုံး၏ အထူးစိုးရိမ်ခြင်း ခံခဲ့ရသည်။

သူသည် ပြီးခဲ့သည့်နှစ်တုန်းက သွေးကင်ဆာရောဂါဝေဒနာကြောင့် ဘိုလော့ဂ်နာ၏ ရာသီကြိုအစီအစဉ်ကို လူကိုယ်တိုင် အနီးကပ်ကြီးကြပ်နိုင်ခြင်း မရှိဘဲ ဗီဒီယိုဖြင့်သာ ကြီးကြပ်ခြင်း၊ စကားပြောခြင်းတို့ ပြုလုပ်ခဲ့ရသည်။ ၎င်းသည် ယခုနွေရာသီတွင်လည်း COVID-19 ကူးစက်ခံရမှုကြောင့် နေအိမ်တွင် သီးသန့် နေထိုင်နေရကာ ရာသီကြိုလေ့ကျင့်ခန်းပြုလုပ်မှုအား ဗီဒီယိုဖြင့် ညွှန်ကြားမှု ပြုလုပ်နေရသည်။

မီဟိုင်းလိုဗစ်က “အကူးခံရတာ ဘာမှ မလုပ်ပါဘူး။ ပြီးတော့ ကျွန်တော်နဲ့ မိသားစုဝင်တွေအပေါ်မှာ အများကြီး ဝေဖန်တော့ စိတ်ပျက်ရပါတယ်။ စည်းမျဉ်းစည်းကမ်းအားလံးကို လိုက်နာပါတယ်။ အားလပ်ရက် ခရီးသွားချိန်မှာလည်း အားလုံးကို လိုက်နာ လုပ်ဆောင်ပါတယ်။ ကံဆိုးတာက နိုက်ကလပ်တွေ ဖွင့်ပါတယ်။ ကျွန်တော့်ကလေးတွေကို မသွားနဲ့လို့ ပြောလို့ မရပါဘူး။ ခွင့်ပြုခဲ့ရပါတယ်။ ကျွန်တော့်ကလေးတွေထဲကတစ်ဦးဆီကနေ COVID ကူးတာလို့ ထင်တယ်။ ကျွန်တော့်ကလေးတွေထဲက တစ်ဦးက ပထမဆုံး ကူးစက်ခံရကြောင်း တွေ့ရတာပါ။ ဒါပေမယ့် အခုတော့ ကောင်းသွားပါပြီ။ ကျွန်တော့်အတွက် စိတ်အပျက်ဆုံးအရာကတော့ ဒုတိယနှစ်အဖြစ် ရာသီကြို လေ့ကျင့်ခန်းအစီအစဉ်မှာ ကိုယ်ပိုင် မကြီးကြပ်နိုင်တာပါ။  ကျွန်တော့်နည်းပြအဖွဲ့နဲ့ အသင်းကလည်း ကျွန်တော့်မပါဘဲ အကောင်းဆုံးလုပ်နိုင်တာ မြင်ရပါတယ်”ဟု ပြောကြားသွားခဲ့သည်။

မီဟိုင်းလိုဗစ်သည် ပြီးခဲ့သည့်နှစ်တုန်းက သွေးကင်ဆာရောဂါဝေဒနာခံစားရပြီးနောက် လေးလတိုင်တိုင် ဆေးရုံတက်ရောက်ကာ ရိုးတွင်းချဉ်ဆီအစားထိုးကုသမှုပြုလုပ်ခဲ့ရသည်။

ယခုအခါ သူသည် သွေးကင်ဆာရောဂါမှ လုံးဝ ကောင်းမွန်သွားပြီဖြစ်ပြီး COVID ရောဂါမှ ပြန်လည်ကောင်းမွန်ကာ လုံးဝ ကျန်းမာရေးအတွက် လုပ်ဆောင်နေသည်။

Facebook Comments Box
Facebook Comment