COVID-19 ပျောက်ကင်းခဲ့သော တဲလက်စ် မန်ယူနိုက်တက်နှင့် လေ့ကျင့်ခန်း ပြန်ဆင်း

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ အဲလက်စ်တဲလက်စ်သည် COVID-19 သက်သာပျောက်ကင်းလာသောကြောင့် အသင်းနှင့်အတူ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်ကာ အဲဗာတန်နှင့်ပွဲတွင် ပါဝင်ကစားနိုင်ဖွယ် ရှိနေသည်။

ပေါ်တိုမှ ပေါင် ၁၅ သန်းကျော်ဖြင့် ပြောင်းရွှေ့လာသော အသက် ၂၇ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင် တဲလက်စ်သည် ပီအက်စ်ဂျီအား အနိုင်ရသည့် ချန်ပီယံလိဂ်ပွဲတွင် ယူနိုက်တက်အတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့သည်။

ထိုပွဲအပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ကွာရန်တင်းဖြင့် နေထိုင်ခဲ့ရာ သတ်မှတ်ထားသည့်ရက်ပြည့်ကာ ပြန်လည်ကျန်းမာလာပြီး ယနေ့နံနက်က ပြုလုပ်သော လေ့ကျင့်ရေး အစီအစဉ်တွင် ပြန်လည် ပါဝင်လာခြင်း ဖြစ်သည်။

ရလဒ်များ ဆိုးရွားနေ၍ ထုတ်ပယ်ခံရဖွယ် ရှိနေသော ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတွက် တဲလက်စ် ပြန်လည်လေ့ကျင့်နိုင်သည်က သတင်းကောင်းတစ်ရပ် ဖြစ်သည်။

၎င်း မပါဝင်နိုင်သည့် ၄ ပွဲတွင် ယူနိုက်တက်သည် လိုက်ပ်ဇစ်ကိုသာ အနိုင်ရခဲ့ပြီး ချဲလ်ဆီးနှင့် သရေ၊ အာဆင်နယ်နှင့် အစ္စတန်ဘူလ်တို့ကို ရှုံးနိမ့်ထားသည်။

ကွာရန်တင်း ဝင်နေစဉ်အတွင်း တဲလက်စ်သည် ယူနိုက်တက် ကစားသောပွဲများအား စောင့်ကြည့်ခဲ့ပြီး အဲဗာတန်နှင့်ပွဲတွင် ပါဝင်ကစားရန် စိတ်အားထက်သန်နေသော်လည်း ဆိုးလ်ရှား၏ ဆုံးဖြတ်ချက်အပေါ် မူတည်နေသည်။

COVID-19 သက်သာပျောက်ကင်းလာသော တဲလက်စ်ကို ဘရာဇီးလ်နည်းပြ တီတီက ဗင်နီဇွဲလား၊ ဥရုဂွေးတို့နှင့် ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ခေါ်ယူထားသည်။

Ref:MEN

Facebook Comments Box
Facebook Comment