COVID-19 ကြောင့် ဒိန်းမတ်ကစားသမား ၈ ဦးခန့် သီးခြားနေထိုင်နေရ

အိုက်စလန်၊ ဘယ်လ်ဂျီယံတို့နှင့် နေးရှင်းလိဂ်ပွဲစဉ် ကစားရန် ပြင်ဆင်နေသော ဒိန်းမတ်အသင်းအတွက် ထိုးနှက်ချက်တစ်ရပ်အဖြစ် ကစားသမား ၈ ဦးခန့်သည် COVID-19 ကူးစက်ခံရသူအချို့နှင့် ထိတွေ့မိသောကြောင့် သီးသန့်ခွဲခြား နေထိုင်လျက်ရှိကြောင်း ဒိန်းမတ် ဘောလုံးအဖွဲ့ချုပ်က ကြေညာသည်။

စကင်ဒီနေးဗီးယန်းနိုင်ငံ ဒိန်းမတ်သည် ဗုဒ္ဓဟူးညတွင် ဆွီဒင်နှင့်ကစားမည့် ခြေစစ်ပွဲ၊ အိုက်စလန်၊ ဘယ်လ်ဂျီယံတို့နှင့် နေးရှင်းလိဂ် ပွဲစဉ်များအတွက် လေ့ကျင့်မှုများ ပြုလုပ်နေစဉ် တောင်ပံကစားသမား ရောဘတ်ဆဗော့ဗ်နှင့် အနင်းအနှိပ် ပညာရှင်တစ်ဦးတို့ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် ဆဗော့ဗ်နှင့် အနှိပ်ပညာရှင်တို့သည် ဒိန်းမတ်အသင်း၏ လေ့ကျင့်ရေးစခန်းမှ ထွက်ခွာသွားခဲ့ပြီး ၎င်းတို့နှင့် နာရီအနည်းငယ် ထိတွေ့မှုရှိ ခဲ့သော ကစားသမား ၈ ဦးနှင့် နည်းပြအဖွဲ့ဝင်များအနေဖြင့် ဟိုတယ်တွင် ခွဲခြားနေထိုင်လျက်ရှိသည်။

ခွဲခြားနေထိုင်လျက်ရှိသည့် ကစားသမား ၈ ဦးတွင် ဘာစီလိုနာတိုက်စစ်မှူး မာတင်ဘရိတ်ဝိတ် ပါဝင်ပြီး အခြား ကစားသမား ၇ ဦး၏ အမည်ကိုမူ မသိရသေးပေ။

သီးသန့်ခွဲခြားနေထိုင်လျက်ရှိသည့် ကစားသမားများသည် ဆွီဒင်နှင့် ကစားရမည့် ခြေစမ်းပွဲအား လွဲချော်ရမည် ဖြစ်သော်လည်း ဆေးစစ်မှုပြု လုပ်ကာ ဗိုင်းရပ်စ်ပိုး မရှိပါက နိုဝင်ဘာ ၁၅ တွင် အိုက်စလန်၊ နိုဝင်ဘာ ၁၈ တွင် ဘယ်လ်ဂျီယံတို့နှင့် ကစားရမည့် ပွဲများ၌ ပါဝင်ကစားနိုင်မည် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် ဒိန်းမတ်အသင်းကို အခက်တွေ့စေပြီး လက်စတာဂိုးသမား ရှမိုက်ကယ်၊ ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်တို့မှာလည်း လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရသော်လည်း ဗြိတိန်အစိုးရက စကင်ဒီနေးဗီးယန်း နိုင်ငံများမှ လူ များကို ပြည်ဝင်ခွင့် ပိတ်ပင်ထားသောကြောင့် မိခင်နိုင်ငံသို့ သွားရောက်နိုင်ခြင်း မရှိပေ။

ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ အိုက်စလန်၊ ဖင်လန်စသည့် စကင်ဒီနေးဗီးယန်း နိုင်ငံများသို့ သွားရောက်သော ဗြိတိန်နိုင်ငံသားများနှင့် ဗြိတိန်တွင် နေထိုင်သူများအနေဖြင့် နိုင်ငံသို့ ပြန်လာနိုင်သော်လည်း ပြန်လာပါက ကွာရန်တင်း ၁၄ ရက် ဝင်ရမည်ဖြစ်သောကြောင့် ရှမိုက်ကယ်နှင့် ခရစ္စတန်ဆန်တို့သည် ဒိန်းမတ်အသင်းနှင့် ပူးပေါင်းနိုင်ခြင်း မရှိပေ။

Ref:indiatv

Facebook Comments Box
Facebook Comment