COVID-19 ကြောင့် စီးရီးအေပြိုင်ပွဲကို ရွှေ့ဆိုင်းရတော့မလား?

စီးရီးအေကလပ်အမြောက်အမြားတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် ကစားသမားနှင့် နည်းပြအဖွဲ့ဝင်အရေအတွက် တိုးမြှင့်သထက် တိုးမြင့်လာမှုနှင့်အတူ ၂၀၂၀-၂၁ စီးရီးအေရာသီသစ်အား ရွှေ့ဆိုင်းရမည့်အနေအထားတွင် ရှိနေပြီ ဖြစ်သည်။

၂၀၂၀-၂၁ စီးရီးအေ ရာသီသစ်ကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် စတင်ရန် စီစဉ်ထားရာ ကလပ်အများစုမှာ ရာသီကြိုစခန်းသွင်းလေ့ကျင့်ရန် လေ့ကျင့်နေပြီဖြစ်သလို ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ကစားခဲ့ကြသည့် ကလပ်အချို့တို့မှာလည်း မကြာမီကာလအတွင်းတွင် လေ့ကျင့်ခန်း စတင်ပြုလုပ်လာကြတော့မည်ဖြစ်သည်။

ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်သည် ၂၀၂၀-၂၁ ရာသီအတွက် စခန်းသွင်းလေ့ကျင့်ခန်းပြုလုပ်ရန် အသင်းနှင့်မပူးပေါင်းမီ သွေးနှင့် သလိပ်စစ်ဆေးမှုခံယူခဲ့ကြရသည်။

ကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များသည် ရာသီသိမ်းကာ အားလပ်ရက်ရရှိမှု၊ Lockdown ဖြေလျှော့လာမှုနှင့်အတူ အပန်းဖြေခရီးများ ထွက်ခဲ့ကြပြီး ပြန်ရောက်လာချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလာခဲ့ရတာလည်း ဖြစ်သည်။ အစောပိုင်းတုန်းက စီးရီးအေ ကလပ်အသင်းအချို့တွင်သာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ တွေ့ရှိရသော်လည်း ယခုအခါ ရိုးမား၊ ဆက်စ်ဆူလို၊ နာပိုလီ၊ တိုရီနို၊ ဘီနီဗန်တို၊ ကက်ဂလီယာရီဦ ဖီအိုရင်တီးနားတို့အပြင် တန်းဆင်းသွားရသည့် SPAL နှင့် ဘရက်ရှားတို့မှ ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရာ ရောဂါကူးစက်ပျံ့ပွားမှုမှာ အံ့ဩတုန်လှုပ်စရာကောင်းလျက်ရှိသည်။

ပြီးခဲ့သည့်နှစ်တုန်းက သွေးကင်ဆာရောဂါတိုက်ပွဲဝင်ခဲ့ရသည့် ဘိုလော့ဂျနာနည်းပြမီဟိုင်းလိုဗစ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရာ စိုးရိမ်စရာအကောင်းဆုံးအခြေအနေတွေ ရှိနေသည်။

ဩဂုတ်လ ၂၂ ရက်နေ့တုန်းက အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀၀ ကျော်အထိ ရှိလာပြီး မေလ ၁၂ ရက်နေ့နောက်ပိုင်း အမြင့်ဆုံး တွေ့ရှိထားရသည်။ သတင်းကောင်းတစ်ခုကတော့ အသစ်တွေ့ရှိသူများထဲမှ လူသုံးဦးတည်းသာ သေဆုံးပြီး အထူးစိုးရိမ်ရသည့်အခြေအနေ ၅ ဦးတည်းသာ ရှိနေခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၀ မှ စတင်ကာ အီတလီတလွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ပြီးနောက် ကူးစက်ခံရသူ ၂၅၈၁၃၆ ဦးအထိရှိပြီး သေဆုံးသူ ၃၅၄၃၀ ဦးရှိခဲ့သည်။

လက်ရှိအချိန်တွင် အီတလီတွင် ကူးစက်ခံရထားသူ ၁၇၅၀၃ ဦးရှိကာ ၂၄ နာရီကျော်အတွင်း ကူးစက်ခံရသူပမာဏ ၈၂၅ ဦးအထိ တိုးမြှင့်လျက်ရှိသည်။

မကြာသေးမီတုန်းက အီတလီဘောလုံးအဖွဲ့ချုပ်မှ ကျန်းမာရေးဌာန အကြီးအကဲက စီးရီးအေတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပမာဏ မြင့်မားနေပါက စီးရီးအေပြိုင်ပွဲကို ရွှေ့ဆိုင်းမှာ ဖြစ်ကြောင်း သတိပေးထားရာ အကယ်၍ စီးရီးအေကလပ်များအတွင်း ရောဂါကူးစက်ခံရသူပမာဏမြင့်တက်နေပါက စီးရီးအေရာသီသစ်ကို ရွှေ့ဆိုင်းရရန် သေချာသလောက်ရှိနေသည်။

Ref: footballitalia

Facebook Comments Box
Facebook Comment