COVID-19 ကူးစက်သူ များနေ၍ ဘာစီလိုနာ-ဒိုင်နမိုကိဗ်ပွဲ ရွှေ့ဆိုင်းရဖွယ်ရှိ

မနက်ဖြန် နူးကမ့်တွင်ကစားမည့် ဘာစီလိုနာနှင့် ဒိုင်နမိုကိဗ်တို့၏ ပွဲစဉ်မှာ ဧည့်သည် ယူကရိန်းကလပ်တွင် COVID-19 ကူးစက်ခံထားရသူ များပြားနေသောကြောင့် ပွဲရွှေ့ဆိုင်းရဖွယ် ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြသည်။

ယူကရိန်း အမှတ်ပေးချန်ပီယံဆုအား ၂၈ ကြိမ်ဆွတ်ခူးကာ အအောင်မြင်ဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရသော ဒိုင်နမိုကိဗ်သည် ဘာစီလိုနာနှင့် ကစားရန်အတွက် ကစားသမားများနှင့် ဝန်ထမ်းများအား COVID-19 စစ်ဆေးခဲ့ရာ ကစားသမား ၆ ဦးနှင့် ဝန်ထမ်း ၅ ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။

COVID-19 တွေ့ရှိသော ကစားသမားများမှာ ဂျော်ဂျီစီတိုင်ရှီဗလီ၊ ဒန်းနစ်ဂါမက်ရှ်၊ မစ်ကယ်ဂျူလန်း၊ ကာရာဗာယက်ဗ်၊ တူဒေါဘီလက်ဆီ၊ ရှာပါယန်ကိုတို့ဖြစ်ပြီး လက်ထောက်နည်းပြ အီမီလ်ကာရက်စ်နှင့် ဝန်ထမ်း ၄ ဦးလည်း ကူးစက်ခံထားရကြောင်း ဒိုင် နမိုကိဗ်က ကြေညာသည်။

အသင်းကြီးမှ ကစားသမားများ ဗိုင်းရပ်စ် ကူးစက်ခံထားရ၍ ဒိုင်နမိုကိဗ်အနေဖြင့် အဓိက ကစားသမား ၁၃ ဦးနှင့် လူငယ်အသင်းမှ ကစားသမား ၆ ဦး စုစုပေါင်း ၁၉ ဦး ဖြင့် ဘာစီလိုနာသို့ ပွဲကစားရန် ရောက်ရှိလာသည်။

ယူအီးအက်ဖ်အေ၏ ကျန်းမာရေး စည်းမျဉ်းများအရ ပွဲကစားမည့် အသင်းသည် အနိမ့်ဆုံး အသင်းကြီးမှ ကစားသမား ၁၃ ဦး ပါဝင်ရမည်ဟု သတ်မှတ်ထားရာ ဒိုင်နမိုကိဗ် အနေဖြင့် အနိမ့်ဆုံး လူစာရင်းကိုသာ ခေါ်ယူလာနိုင်ခြင်း ဖြစ်သည်။

အကယ်၍ အသင်းကြီးမှ ကစားသမားတစ်ဦးသာ ထပ်မံကူးစက်ခံရပါ၍ ပွဲရွှေ့ဆိုင်းရဖွယ်ရှိနေသည့် အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ဒိုင်နမိုကိဗ်လိုပင် မစ်ဂျယ်လန်းနှင့် ကစားမည့် နယ်သာလန်ကလပ် အေဂျက်စ်ကလည်း ယမန်နေ့က ကစားသမား ၁၁ ဦးအထိ COVID-19 ကူးစက်ခံထားရကြောင်း ကြေ ညာထားသည်။

Ref:MundoDeportivo

Facebook Comments Box
Facebook Comment