
COVID-19 ကူးစက်ခံထားရသူ ရော်နယ်ဒို အမြန်ဆုံး သက်သာ ပျောက်ကင်းစေရန် မက်ဆီ ဆုတောင်းပေး
ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက COVID-19 ကူးစက်ခံထားရသော ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒို အမြန်ဆုံး သက်သာပျောက်ကင်းစေရန် ဆုမွန်ကောင်း တောင်းပေးခဲ့ပြီး ဗုဒ္ဓဟူးည ချန်ပီယံလိဂ်ပွဲတွင်လည်း ပြန်ကစားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောသည်။
အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုသည် အောက်တိုဘာ ၁၃ ရက်က ပေါ်တူဂီအသင်းနှင့် အတူရှိနေစဉ် COVID-19 ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပြီး ခရိုတိုနီ၊ ဒိုင်နမိုကိဗ်တို့နှင့် ကစားသည့် ပွဲစဉ်များအား လွဲချော်ခဲ့သည်။
ဂျူဗင်တပ်စ်သည် လာမည့် ဗုဒ္ဓဟူးညတွင် ဘာစီလိုနာနှင့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ် ကစားရန်ရှိနေပြီး ရော်နယ်ဒိုက မက်ဆီနှင့် ပြန်ဆုံခွင့်ရရေးအတွက် ဒုတိယအကြိမ် ဆေးစစ်ခဲ့ရာ Positive သာ ထပ်ဖြစ်နေ၍ လွဲချော်ရမည်ဖြစ်သည်။
သို့သော် ဂျူဗင်တပ်စ်က လက်မလျှော့သေးဘဲ ပွဲမကစားမီ ၄၈ နာရီအလိုတွင် COVID-19 ကင်းစင်ကြောင်း ပြသနိုင်ပါက ယူအီးအက်ဖ်အေက အထူးခွင့်ပြုချက်ဖြင့် ရော်နယ်ဒိုအား ပွဲကစားခွင့်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။
ထိုအချိန်တွင် မက်ဆီက ကွင်းအတွင်း မဟာပြိုင်ဘက်များသဖွယ် အသေအလဲ ကစားလေ့ရှိသည့် ရော်နယ်ဒိုနှင့် ပြန်လည်တွေ့ဆုံလိုကြောင်း ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။
၎င်းက “ရီးရဲလ်မက်ဒရစ်အတွက် ရော်နယ်ဒို ပါဝင်ကစားတဲ့ အခါမှာ ပွဲတွေက အရမ်းကောင်းပါတယ်။ ရီးရဲလ်နဲ့ ကစားတဲ့ပွဲတွေက အမြဲတမ်း ပွဲကောင်းတွေချည်းပဲ။
ဒါပေမဲ့ ရော်နယ်ဒို ကွင်းထဲဝင်လာပြီဆိုရင်တော့ ရီးရဲလ်က ထူးခြားတဲ့ အရေးပါမှုတွေကို ရယူနိုင်ခဲ့တယ်။ အခုတော့ ဒါ တွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ကျွန်တော်တို့အနေနဲ့ လက်ရှိစိန်ခေါ်မှုကိုပဲ မျှော်လင့်နေပါတယ်။
ဗုဒ္ဓဟူးနေ့ပွဲက စိန်ခေါ်မှုဖြစ်လာနိုင်ပြီး ကျွန်တော်တို့ကလည်း ရော်နယ်ဒို ကစားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ COVID ကနေ အမြန်ဆုံး ပြန်လည်သက်သာလာပါစေလို့လည်း ဆုတောင်းပေးပါတယ်” ဟု ပြောသည်။
Ref:Metro