COVID ကူးစက်ခံရသည့်ကစားသမားအရေအတွက်ဆက်တိုးလာပါက စီးရီးအေကို ရွှေ့ဆိုင်းမည်

ကျန်းမာရေးဌာနအကြီးအကဲ ပရော်ဖက်ဆာဂျီယန်နီနန်နီက အီတလီဘောလုံးလောကတွင် အသင်းများအကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့်ပမာဏဆက်လက်မြင့်မားနေပါက စီးရီးအေရာသီအား ရွှေ့ဆိုင်းသွားရမှာဖြစ်ကြောင်း သတိပေးပြောကြားလိုက်သည်။

အီတလီဘောလုံးလောကမှကလပ်များသည် ဇွန်လအစောပိုင်းတွင် ဘောလုံးပွဲများ ပြန်လည်စတင်ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်အတိုင်း လိုက်နာကာ လေ့ကျင့်ခန်းတစ်ကြိမ်ပြီးတိုင်း ဆေးစစ်မှုတစ်ကြိမ်ပြုလုပ်တဲ့စနစ်ကို ကျင့်သုံးခဲ့ရာ အောင်မြင်မှုရရှိခဲ့သည်။

သို့ရာတွင် ၂၀၁၉-၂၀ ရာသီသိမ်းပြီးနောက် ကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များ အားလပ်ရက် သုံးပတ်သွားရောက်ပြီး ပြန်ရောက်လာရာမှ ကလပ်အမြောက်အမြားတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများစွာ ရှိနေသည်။

လက်ရှိအချိန်တွင် ကက်ဂလီယာရီတစ်သင်းတည်းမှ ကစားသမားလေးဦးအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကာ တန်းတက် ဘီနီဗန်တိုကလည်း ကူးစက်ခံရသူတစ်ဦး ရှိကြောင်း ပူပူနွေးနွေးကြေညာထားသည်။ ထို့ကြောင့် နန်နီက “ကျွန်တော်တို့အရမ်းစိုးရိမ်နေကြရပါတယ်။တကယ်လို့ကူးစက်ခံရသူပမာဏ ဆက်မြင့်တက်နေမယ်။ ကလပ်အချို့ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေ ရွှေ့ဆိုင်းနေရမယ်ဆိုရင်တော့ စီးရီးအေရာသီသစ်ကိုလည်း ရွှေ့ဆိုင်းရတာမျိုး မြင်လာရနိုင်ပါတယ်”ဟု ပြောကြားသွားသည်။

၂၀၂၀-၂၁ စီးရီးအေရာသီသစ်ကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် စတင်ရန် စီစဉ်ထားသည်။ စီးရီးအေကလပ်အချို့တို့သည် လာမည့် တနင်္လာနေ့တွင် လေ့ကျင့်ခန်းစတင်ပြုလုပ်ကြမည်ဖြစ်ပြီး ကလပ်အများစုမှာ လေ့ကျင့်ခန်းဆင်းနေကြပြီး ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိထားသည့်ကလပ်အများစုမှာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်စတင်ရန်အတွက် အားလပ်ရက်မှပြန်ရောက်လာသည့်ကစားသမားများကို ဆေးစစ်ဆေးမှုပြုလုပ်နေရသည့် ကလပ်များဖြစ်သည်။ လက်ရှိအချိန်တွင် ကက်ဂလီယာရီအသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လေးဦးအထိ တွေ့ရှိပြီးနောက် ရာသီကြိုစခန်းသွင်းလေ့ကျင့်ခန်းအစီအစဉ်ကို ရွှေ့ဆိုင်းထားကာ ကစားသမားအရေအတွက် လျှော့ချကာ ပုံမှန်လေ့ကျင့်ရေးကွင်းတွင်ပင် လေ့ကျင့်ခန်းပြုလုပ်နေသည်။

ယခုအပတ်တွင် စတင်သည့် လီဂူး၁မှ မာဆေးလ်သည်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကစားသမားလေးဦးတွေ့ရှိမှုကြောင့် စိန့်အက်တီယန်နှင့်ကစားမည့်အဖွင့်ပွဲကို ရွှေ့ဆိုင်းထားရသည်။ အခြားတစ်ဖက်တွင် ရာသီကြို စခန်းသွင်းလေ့ကျင့်ခန်းဆင်းမှုစတင်ပြုလုပ်နေသည့် စပိန်တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့်ကစားသမားများစွာ စစ်ဆေးတွေ့ရှိလျက်ရှိသည်။

Ref: footballitalia

Facebook Comments Box
Facebook Comment