
Ballon d’Or Dream Team အတွက် ညာတောင်ပံဆန်ကာတင်စာရင်း၌ ထည့်သွင်းမှုမှာ လေးစားမှုမရှိခြင်းဟု အီတိုး ဝေဖန်
ဆင်မြူရယ်အီတိုးသည် Ballon d’Or Dream Team အတွက် ညာတောင်ပံ ကစားသမားနေရာအတွက် ဆန်ကာတင်စာရင်းတွင် ထည့်သွင်းခံရမှုအပေါ် အကြီးအကျယ်ဒေါသထွက်လျက်ရှိသည်။ အီတိုးသည် ကစားသမားဘဝ တစ်လျှောက် တိုက်စစ်မှူးအဖြစ်သာ ကစားလာခဲ့သူ ဖြစ်ပြီး အင်တာ၊ ဘာစီလိုနာ၊ ချဲလ်ဆီးနှင့် မာယော့ကာတို့ကစားခဲ့သူဖြစ်သည်။ သူသည် ကင်မရာလက်ရွေးစင်အတွက် ၁၁၈ ပွဲကစားကာ ၅၆ ဂိုးသွင်းယူထားပြီး ဂိုးအများဆုံး သွင်းယူသူအဖြစ် ရပ်တည်နေသူလည်းဖြစ်သည်။

သူသည် ဘာစီလိုနာနှင့်အတူ လာလီဂါဖလားသုံးကြိမ်၊ ချန်ပီယံလိဂ် နှစ်ကြိမ်ဆွတ်ခူးခဲ့သည့်အပြင် အင်တာမီလန်နှင့်အတူ ချန်ပီယံလိဂ်တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်သည်။
အီတိုးသည် ကစားသမားဘဝတစ်လျှောက် ကလပ်ကစားသမားဘဝတွင် ၇၆၄ ပွဲတွင် ၃၇၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၂၀၀၅ နှင့် ၂၀၀၆ ခုနှစ်တို့တွင် ယူအီးအက်ဖ်အေ အကောင်းဆုံးအသင်း၌ ရွေးချယ်ခြင်း ခံခဲ့ရသည်။
အသက် ၃၉ နှစ်ရှိ အီတိုးသည် ကစားသမားဘဝတစ်လျှောက်လုံး တိုက်စစ်မှူးအဖြစ်သာ ကစားခဲ့သော်လည်း Ballon d’Or က Dream Team အတွက် ဆန်ကာတင်စာရင်းတွင် France Football က ညာတောင်ပံနေရာအတွက် ဆန်ကာတင်စာရင်း၌ ထည့်သွင်းမှုမှာ ၎င်းအပေါ် မလေးမစားလုပ်ခြင်းဟု ယုံကြည်နေသည်။

အီတိုးက “ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ညာခြမ်းမှာ၁-၂ရာသီလောက်ဘဲ ကစားခဲ့တယ်(ဗဟိုတိုက်စစ်မှူးအဖြစ် ၂၅ နှစ်ကစားခဲ့တယ်)”ဟု ဝေဖန်ခဲ့သည်။
Ballon d’Or Dream Team ၏ ညာတောင်ပံနေရာအတွက် ဆန်ကာတင်စာရင်းတွင် ဒေးဗစ်ဘက်ဟမ်း၊ ဂျော့ဘက်စ်၊ ဆင်မြူရယ်အီတိုး၊ လူးဝစ်ဖီဂို၊ ဂါရန်ချာ၊ ဂျာဇင်ဟို၊ ကီဗင်ကီးဂန်း၊ စတန်လေမက်သရူး၊ လီယွန်နယ်မက်ဆီ၊ အာဂျန်ရော်ဘင်တို့ ဖြစ်သည်။
အီတိုးသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတုန်းက ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်ပြီး နောက်ဆုံးကစားခဲ့သည့်ကလပ်မှာ ကာတာအက်စ်စီဖြစ်ပါတယ်။