Ballon d’Or ဆုကို လက်ခံရရှိခဲ့တဲ့ လီဝမ်ဒေါစကီး… ဒါပေမဲ့…

ယမန်နှစ် ဘောလုံးရာသီက ဖလား ၃ လုံးချန်ပီယံ ဘိုင်ယန်မြူးနစ်အတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့သော ပိုလန်တိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီးသည် ၎င်း ရယူနိုင် မည်ဟု ထင်ကြေးပေးခံခဲ့ရခဲ့သော Ballon d’Or ဆုကို လက်ခံရရှိခဲ့သည်။

သို့သော်လည်း လီဝမ်ဒေါစကီး လက်ခံရရှိခဲ့သည့် Ballon d’Or ဆုမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားများရရှိသော ရွှေရောင်ဘောလုံးနှင့် ဆုတံဆိပ်မဟုတ်ဘဲ အရုပ်ဆက်သည့် Lego တုံးလေးများဖြင့် ဖန်တီးထားသော ဆုတံဆိပ်သာ ဖြစ်သည်။

အသက် ၃၂ နှစ်အရွယ် လီဝမ်ဒေါစကီးသည် ၂၀၁၉-၂၀၂၀ ရာသီက ဘွန်ဒက်စ်လီဂါ ၃၄ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၄၇ ပွဲတွင် ၅၅ ဂိုးသွင်းကာ ဘိုင်ယန်မြူးနစ်အား ဘွန်ဒက်စ် လီဂါ၊ ဂျာမန်ပိုကယ်ဖလား၊ ချန်ပီယံလိဂ်ဖလားများ တစ်ပြိုင်နက်တည်း ရရှိစေရန် အဓိကနေရာမှ ကူညီပေးခဲ့သည်။

ထုံးစံအရဆိုလျှင် လီဝမ်ဒေါစကီးသည် Ballon d’Or ဆုကို ရယူနိုင်မည်ဖြစ်သော်လည်း ဆုတံဆိပ်ပေးအပ်သည့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆုပေးပွဲ ပြုလုပ်မည့် အစီအစဉ်အား ဖျက်သိမ်းကာ ထိုအစား နေရာအလိုက် အကောင်းဆုံးတစ်ဦးစီကို ရွေးချယ်ပြီး Ballon d’Or အကောင်းဆုံးအသင်းအဖြစ်သာ သတ်မှတ်သွားမည်ဖြစ်သည်။

Ballon d’Or ဆုအား ရယူနိုင်ရန် အားခဲထားသော လီဝမ်ဒေါစကီးအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး ၎င်းက ဆုမရခဲ့ခြင်းအတွက် စိတ်ပျက်မိကြောင်း ပြောခဲ့ဖူးသည်။

ထို့ကြောင့် နိုင်ငံအသင်းအတွက် ၁၁၄ ပွဲတွင် ၆၃ ဂိုးသွင်းထားသော ကပ္ပတိန် လီဝမ်ဒေါစကီး စိတ်မပျက်စေရန်အတွက် ပိုလန်ရက်ပ်ပါ ကွီဘိုနာဖီဒီက သူကိုယ်တိုင် ကြိုးစားဖန်တီးထားသော Ballon d’OR Lego ဆုအား ပေးအပ်ခဲ့သည်။

ယမန်နှစ်ရာသီ စွမ်းဆောင်နိုင်မှုကြောင့် ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ရရှိ ထားသော လီယမ်ဒေါစကီးက ကွီဘိုနာဖီဒီ၏ လက်ဆောင်ကို ဝမ်းသာအားရလက်ခံခဲ့ ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ရာ ပရိသတ်များက Ballon d’Or ဆုတံဆိပ် အစစ်အမှန်နှင့် ထိုက်တန်သည်ဟု ရေးသားခဲ့ကြသည်။

Ref:dailymail

Facebook Comments Box
Facebook Comment