2020 ရဲ့ရာသီသိမ်းအတွေးများ

မောင်ဖိုးကွန့်

ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော့်ဖခင် အမြဲဆုံးမလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။

‘လူဆိုတာ ကိုယ်ဖြတ်သန်းလာတဲ့ အခြေအနေကို အမြဲ ပြန်သုံးသပ်ရမယ်။ မှားခဲ့တာ၊ အားနည်းခဲ့တာတွေကို ဘယ်လိုပြန်ပြုပြင်လို့ ရမလဲ။ မှန်ခဲ့တာ၊ အားသာခဲ့တာတွေကို ဘယ်လို ပိုအားကောင်းအောင် လုပ်ရမလဲဆိုတာ အဲဒီလိုပြန်သုံးသပ်မှ မြင်ရတာ။ မှားပြီးတာကို ထပ်မမှားစေနဲ့ မှန်တာကို အမြဲမှန်အောင်လုပ်မှ ကိုယ်သွားရမယ့်လမ်းကို ကိုယ်တိုင်ထိန်းကျောင်းနိုင်မှာ’ ဆိုတဲ့စကား ဖြစ်ပါတယ်။

ကျွန်တော့်အဖေ ကွယ်လွန်သွားခဲ့တာ (၂၃)နှစ်ရှိပါပြီ။

ဒါပေမဲ့ ဒီဆုံးမစကားက ကျွန်တော့်ဘဝလမ်းမှာ တော်တော်လေးကို ထိရောက်တဲ့ လမ်းပြမြေပုံ ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် အခုလို နှစ်တစ်နှစ်ကုန်ဆုံးတဲ့ နေ့မျိုးရောက်ရင် ဘယ်လောက်အလုပ်များများ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ အေးအေးဆေးဆေး အချိန်ယူပြီး ဒီတစ်နှစ်လုံးမှာ ငါဘာတွေလုပ်ခဲ့လဲ။

ဘယ်လုပ်ဆောင်ချက်တွေက မှားပြီး ဘယ်လုပ်ဆောင်ချက်တွေကမှန်လဲ ဆိုတာကို စဉ်းစားရင်း ကျွန်တော့်ရဲ့တစ်နှစ်တာဖြတ်သန်းမှုကို နှစ်စဉ်နှစ်တိုင်း သုံးသပ်ခဲ့တာ ဆယ်စုနှစ် ၂ ခုနီးပါးလောက်ကို ရှိခဲ့ပါပြီ။

ဒီနှစ်တော့ ဒီလိုသုံးသပ်မှုကို မလုပ်တော့ပါဘူး။ လုပ်ဖို့လည်း မလိုတော့ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်မှာ ကိုဗစ်ကြောင့် စဉ်းစားဖို့သုံးသပ်ဖို့ အချိန်တွေက လုပ်ယူစရာမလိုပဲ အချိန်ပိုတွေ အများကြီးရခဲ့တာကြောင့် လွန်ခဲ့တဲ့ (၄-၅)လလောက်ကတည်းက လုပ်ခဲ့ပြီးပြီဖြစ်သလို ဒီတစ်နှစ်တာလုံးမှာ လုပ်ခဲ့တဲ့ Activities တွေကလည်း အများကြီး မရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒီတစ်ပတ် ကျွန်တော် Soccer 88 ကို စာမူပို့ပေးရမယ့်ရက်က ၂၀၂၀ရဲ့ နောက်ဆုံးရက်ဖြစ်နေတာနဲ့ တိုက်ဆိုင်တာကြောင့် ဘာအကြောင်း ရေးရမလဲဆိုတာကို စဉ်းစားရင်း အတွေးတစ်ခု ရခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ နာမည်ကျော်ကြားတဲ့ စာရေးဆရာ၊ သီချင်းရေးဆရာ စတဲ့ ဆရာ့ဆရာကြီးတချို့က ‘လူ့ဘဝ’ ဆိုတဲ့အရာကို အခြေအနေအမျိုးမျိုးနဲ့ နှိုင်းယှဉ်ပြီး ဖော်ပြတာ ဖတ်ဖူးကြားဖူးကြပါလိမ့်မယ်။

‘ဘဝဆိုတာ တိုက်ပွဲ’ ‘ဘဝဆိုတာ ကစားပွဲ’ ‘ဘဝဟာ ကျောင်းစာသင်ခန်း’ စသည်ဖြင့်ပေါ့ဗျာ။

အဲ . . . ကျွန်တော်တို့ကတော့ ဒီဘောလုံးလောကထဲက မထွက်တဲ့လူတွေဆိုတော့ ကျွန်တော်က ‘ဘဝဆိုတာ ဘောလုံးပွဲ’ ဆိုတဲ့ ကိုယ်သန်ရာသန်ရာ ရှုထောင့်ကနေ တင်ပြကြည့်ချင်တယ်။

ဟုတ်ပါတယ်။

ကျွန်တော်တို့ ဘဝဖြတ်သန်းမှုတွေဆိုတာ ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းတစ်သင်းရဲ့တည်ဆောက်ဖြတ်သန်းမှုတွေလိုပါပဲ။

ကျွန်တော်တို့ဘဝက ဘောလုံးအသင်းတစ်သင်းဆိုရင် ဒီအသင်းကို ဦးစီးဦးဆောင် နည်းပြအဖြစ်နဲ့ ထိန်းကျောင်းလမ်းညွှန်နေတာက ကိုယ်ကိုယ်တိုင်ပဲ မဟုတ်လား . . .

ဒါဆိုရင် ကျွန်တော်တို့ရဲ့ဘောလုံးသမားတွေက ဘယ်သူဖြစ်မလဲ။

ကျွန်တော်တို့ လမ်းညွှန်ခွင့်ရှိတဲ့ ကာယ၊ ဉာဏ၊ စွမ်းရည်တွေအားလုံးက ကျွန်တော်တို့ ဘောလုံးသမားတွေပဲလေ။

ပြက္ခဒိန် နှစ်တစ်နှစ်က ကျွန်တော်တို့ဖြတ်သန်းနေရတဲ့ ဘောလုံးရာသီတစ်ခုလို့ ဆိုရမှာပေါ့။

ဒီတစ်နှစ်တာ ကာလအတွင်းမှာ ကျွန်တော်တို့ လုပ်ကိုင်ကြံဆောင်လေသမျှ ရလဒ်တွေအပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ လူနေမှုပုံစံကလည်း တန်းတက်၊ တန်းဆင်းစနစ်လိုပဲ မြင့်တက်သွားခဲ့တာတွေ ရှိသလို နိမ့်ကျမှုတွေလည်း ရှိမှာပေါ့။

အဲဒီလို အနိမ့်အမြင့်တွေဆိုတာ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ကြတဲ့ တွေးတောကြံဆ လုပ်ကိုင်မှု ရလဒ်တွေရဲ့ နောက်ဆက်တွဲတွေ မဟုတ်လား . . . ။

တစ်နှစ်တာအတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တိုင်းက ဘောလုံးပွဲတွေပဲ ဖြစ်ပါတယ်။

စီးပွားရေးအတွက် ကစားခဲ့ရတဲ့ပွဲ၊ ကျန်းမာရေးအတွက် ကစားခဲ့ရတဲ့ပွဲ၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး စတဲ့ ခေါင်းစဉ်တွေတိုင်းအတွက် ဘောလုံးပွဲတွေ အများကြီးကို ကျွန်တော်တို့ကိုယ်တိုင် စီမံခန့်ခွဲပြီး ကစားခဲ့ကြရပါတယ်။

အရှုံးများတဲ့ ဘာသာရပ်တွေမှာ ကျွန်တော်တို့ ပုံရိပ်တွေ၊ ဖြစ်တည်မှုတွေက နိမ့်ကျပြီး အနိုင်များတဲ့ ခေါင်းစဉ်တွေမှာတော့ ချန်ပီယံဖြစ်ပြီး တန်းတက်ခွင့် မရရင်တောင် သိက္ခာရှိရှိ အဆင့်မြင့်မြင့် ရပ်တည်နိုင်မှာပါ။

လူတစ်ယောက်စီတိုင်းရဲ့ဘဝဆိုတဲ့ ဘောလုံးအသင်းမှာ တိုက်စစ်မှူးတွေကတော့ ‘ကာ ယ’ ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးတွေကို ဆိုလိုပါတယ်။

ဒီတိုက်စစ်မှူးတွေမှာ ဖျတ်လတ်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ အပင်ပန်းခံနိုင်မှု၊ ချိုသာယဉ်ကျေးမှု စတဲ့ အရည်အသွေးတွေ လိုအပ်ပါတယ်။

ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်သမျှ ကိစ္စရပ်တွေရဲ့ရလဒ်က တိုက်စစ်မှူးတွေရဲ့ အရည်အသွေး ကောင်းမွန်တဲ့လုပ်ဆောင်မှုရှိမှ လိုချင်တဲ့ ဂိုး(Goal) ဆိုတဲ့ အနိုင်အရှုံးဆုံးဖြတ်ပေးမယ့် ရလဒ်ကို ရမှာဖြစ်ပါတယ်။

ဒီလိုတိုက်စစ်သမားတွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ဂိုးရဖို့ဖန်တီးပေးရတဲ့ ကွင်းလယ်သမားတွေကတော့ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေ ဖြစ်ပါတယ်။

တိုက်စစ်မှူးတွေ ဂိုးသွင်းနိုင်ဖို့အတွက် ကွင်းလယ်သမားတွေဖြစ်တဲ့ အတွေးအခေါ်၊ အမြော်အမြင်၊ ချင့်ချိန်မှု၊ စီမံခန့်ခွဲမှု စတဲ့အရာတွေက ဂိုးဆီကိုရောက်ဖို့ ဘယ်လိုသွားရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ဆုံးဖြတ်ဖန်တီးပေးနိုင်မှ ဂိုးတွေလွယ်လွယ်နဲ့ များများရမှာမဟုတ်လား။

လူတစ်ယောက်မှာ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းကတော့ ကောင်းပါရဲ့ကွင်းလယ်က ပံ့ပိုးပေးနိုင်မှု အားနည်းနေရင် ဂိုးရဖို့ခက်တဲ့ အသင်းလို ဖြစ်နေမှာဖြစ်ပြီး ကွင်းလယ်ပိုင်းကတော့ အားကောင်းပါရဲ့ တိုက်စစ်မှူးတွေ အဆုံးသတ်တာညံ့နေရင်လည်း ကစားကွက်တော့ကောင်းပြီး ဂိုးမရတဲ့အသင်းလို ဖြစ်နေမှာမို့ ဟန်ချက်ညီဖို့ကလည်း အရေးကြီးပါတယ်။

လူ့ဘ၀ ဘောလုံးအသင်းရဲ့နောက်တန်းခံစစ်မှူးတွေကတော့ ကျင့်ဝတ်ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေး ဖြစ်ပါတယ်။

တိုက်စစ်ပိုင်းက ဘယ်လောက်ပဲ ဂိုးတွေရရ ကျင့်ဝတ်ပိုင်း ပြဿနာရှိနေရင် ပလိုင်းပေါက်နဲ့ ဖားကောက်နေရတဲ့အသင်းလို ဖြစ်နေမှာပါ။

နောက်တန်းမှာလည်း မှန်ကန်တဲ့စိတ်ထား၊ ယဉ်ကျေးသိမ်မွေ့မှု၊ အပြန်အလှန်လေးစားမှု၊ ပေါင်းသင်းဆက်ဆံရေး စတဲ့အရည်အသွေးတွေ လိုအပ်ပါတယ်။

ကဲ . . . ကောင်းပြီ။ ဒါဆိုရင် ဂိုးသမားကရော။

ဟုတ်ကဲ့ . . . ဂိုးသမားကိုတော့ ကျွန်တော်က ‘ကံ’ လို့ မြင်ပါတယ်။

ကံဆိုတာ အလုပ်ဆိုတဲ့ အယူအဆလည်းရှိတဲ့တွက် သူ့ရဲ့အရေးပါမှုက ရှေ့က ကစားသမားတွေရဲ့လုပ်ဆောင်ချက်နဲ့လည်း ဆက်နွှယ်နေပါတယ်။

ခံစစ်က ခဏခဏ ကျိုးပေါက်နေပေမယ့် ကံကြမ္မာအရမ်းကောင်းနေရင် လွယ်လွယ်ဂိုးမပေးရတတ်တဲ့ အနေအထားမျိုး ဖြစ်တတ်သလို ကံနိမ့်နေလို့ တစ်ခါပေါက် တစ်ဂိုးပေးရတာမျိုးလည်း ဖြစ်တတ်ပါတယ်။

နောက်ပြီး ဂိုးသမားမှာ လိုအပ်တဲ့ အရည်အသွေးတစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ ‘ကျန်းမာရေး’ ပါပဲ။

ကျန်းမာရေးအခြေအနေက တစ်ခါတလေမှာ ကိုယ့်ရဲ့ရည်ရွယ်လုပ်ဆောင်မှု ဘောင်ထဲမှာရှိမနေလို့ ကံအတွက် အရည်အချင်းလို့ သတ်မှတ်ထားတာပါ။

ကိုယ့်ရဲ့ကံ ဘယ်လောက်ပဲ ကောင်းနေကောင်းနေ ကျန်းမာရေးသာ မကောင်းရင် အလကားဖြစ်သွားမယ်ဆိုတဲ့ အချက်လည်း ရှိနေပါတယ်။

ကျွန်တော်တို့ လွန်ခဲ့တဲ့ (၃၆၄)ရက်တာကာလ ဒါမှမဟုတ် ၂၀၂၀ ဘောလုံးရာသီကတော့ ယေဘုယျပြောရရင် တစ်ကမ္ဘာလုံး ခက်ခဲတဲ့ ဘောလုံးရာသီဖြစ်ခဲ့ပါတယ်။

ရလဒ်ကောင်းခဲ့တဲ့ အစိတ်အပိုင်းတွေ ရှိခဲ့ရင်တောင် ထိခိုက်မှုနဲ့ယှဉ်ရင် မပြောပလောက်ဘူးဆိုတဲ့ အောင်မြင်မှုတွေပဲရကြမှာပါ။

ဒါပေမဲ့ ဘောလုံးရာသီတစ်ခုကို ရလဒ်ဆိုးနဲ့ အဆုံးသတ်ရလို့ စိတ်ပျက်နေဖို့အချိန်၊ အပြစ်တင်နေဖို့ အချိန်မရှိပါဘူး။

နက်ဖြန်ဆိုရင် 2021 ဘောလုံးရာသီ ပြန်စတော့မှာပါ။

ဒီအတွက် ကျွန်တော်တို့ 2020 မှာရထားတဲ့ injury တွေကို အပြစ်တင်ရင်း စိတ်ပျက်အားလျော့နေမယ်ဆိုရင် 2021 ဘောလုံးရာသီအတွက် ဘာပြင်ဆင်မှုမှမရှိဘဲ ဒီအတိုင်း ဆက်သွားရင်တော့ ရလဒ်ဆိုးသံသရာထဲမှာပဲ လည်ပတ်နေရင်း တစ်သက်လုံးမှာမှ ရာသီပေါင်း(၆၀)လောက် ကစားရမယ့်အထဲက ၁ ရာသီက အလဟဿ ကုန်ဆုံးသွားပါလိမ့်မယ်။

၂၀၂၁ ရာသီမှာ ၂၀၂၀ တုန်းက ကိုဗစ်ကြောင့် ရှုံးခဲ့တဲ့ပွဲတွေကို ပြန်အနိုင်ယူနိုင်ဖို့ ခင်ဗျားရဲ့ဘောလုံးအသင်းမှာ တိုက်စစ်ကစားသမားတွေ ကြံ့ခိုင်မှုပြည့်ပြီလား၊ ကွင်းလယ်တွေကရော အတွေးသစ်၊ အမြင်သစ်နဲ့ ဖန်တီးမှုစွမ်းအား တိုးတက်လာပြီလား။

ခံစစ်ရော လုံခြုံပြီး ယုံကြည်ရတဲ့လူတစ်ယောက်ဖြစ်ဖို့ ကျင့်ဝတ်ပြည့်စုံပြီလား။

ဒါတွေအားလုံး ကောင်းမွန်နေမယ်ဆိုရင် ဂိုးသမားနေရာမှာရှိနေတဲ့ ကံကြမ္မာကလည်း အလိုလို မြင့်တက်လာမယ်ဆိုတာ သံသယရှိနေဖို့ မလိုပါဘူး။

Soccer 88 ရဲ့ စာဖတ်သူတွေလည်း ၂၀၂၁ ဘောလုံးရာသီမှာ ခြေစွမ်းပြပြီး ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ နိုင်ပွဲတွေဆက် တန်းတွေတက်တဲ့ ဘဝဘောလုံးအသင်းရဲ့ မန်နေဂျာတွေ ဖြစ်နိုင်ကြပါစေလို့ နှစ်သစ်ဦးမှာ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ . . .

Facebook Comments Box
Facebook Comment