
၈၄ နှစ်အတွင်း စပိန်၏အသက်အငယ်ဆုံး ပွဲကစားခွင့်ရသူ ဖြစ်လာသည့် ဘာစီလိုနာလူငယ် ဖာတီ
ဘာစီလိုနာ၏လူငယ်စတားအန်ဆူးဖာတီသည် ကြာသပတေးနေ့တုန်းက ဂျာမနီနှင့်ပွဲတွင် ပါဝင်ကစားခွင့်ရရှိပြီးနောက် ၁၉၃၆ ခုနှစ်နောက်ပိုင်း စပိန်အတွက် ပွဲကစားခွင့်ရရှိသည့် အသက်အငယ်ဆုံး ကစားသမားဖြစ်လာကြောင်း သိရသည်။
အသက် ၁၇ နှစ်ရှိ ဖာတီသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတုန်းက ဘာစီလိုနာစီနီယာအသင်းသို့ တက်လှမ်းနိုင်ခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့သော်လည်း ဘာစီလိုနာမှာ ဖလားလက်မဲ့ဖြစ်မှုနှင့် လူ အာရုံစိုက်မှု လျှော့ကျခြင်း ခံခဲ့ရသည်။
သူသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တုန်းက ဘက်တစ်နှင့် ပွဲစဉ်တွင် အသက် ၁၆ နှစ်နှင့် ၂၉၈ ရက်ဖြင့် ဘာစီလိုနာအတွက် ပထမဆုံးပွဲကို ကစားခွင့်ရရှိခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်တွင် ၃၃ ပွဲကစားခွင့်ရရှိကာ ၈ ဂိုးသွင်းနိုင်ခဲ့သည်။
သူသည် ဂျာမနီနှင့် တစ်ဂိုးစီသရေကျသည့် စပိန်၏ Nations League ပွဲစဉ်တွင် ဒုတိယပိုင်း၌ လူစားဝင်ရောက် ကစားခွင့် ရရှိခဲ့သည်။

သူသည် အသက် ၁၇ နှစ်နှင့် ၃၀၈ ရက်ဖြင့် ပွဲကစားခွင့် ရရှိခဲ့တာဖြစ်ပြီး စပိန်သမိုင်းတွင် ဒုတိယအသက်အငယ်ဆုံး ပွဲကစားခွင့်ရရှိသူ ဖြစ်သည်။
ဒါ့အပြင် ဖာတီသည် ဂျီးဆပ်စ်နာဗက်စ်အစား လူစားဝင်ရောက်ကစားပြီးနောက် ၈၀၀ ဦးမြောက် စပိန်လက်ရွေးစင်ကစားသမားလည်း ဖြစ်လာခဲ့သည်။
လက်ရှိအချိန်တွင် စပိန်လက်ရွေးစင်အသင်း သမိုင်းတွင် အိန်ဂျယ်ဇူဘီတာက အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ် မှတ်တမ်း ရေးထိုးထားသည်။ ဇူဘီတာသည် ၁၉၃၆ ခုနှစ်၊ ဧပြီလတုန်းက ချက်နှင့်ပွဲစဉ်တွင် အသက် ၁၇ နှစ်၊ ၂၈၄ ရက်ဖြင့် စပိန်အသင်းအတွက် ပွဲကစားခွင့်ရခဲ့ခြင်း ဖြစ်သည်။ သူသည် စပိန်အသင်းအတွက် ၂ ပွဲကစားပြီးနောက် စပိန်ပြည်တွင်းစစ်ဖြစ်မှုကြောင့် မွေးရပ်မြေဘီလ်ဘာအိုကို စွန့်ခွာကာ အာဂျင်တီးနားသို့ ထွက်ပြေးခဲ့ရပြီး ကစားသမားဘဝအများစုကို ဆန်လိုရန်ဇိုတွင် ကုန်ဆုံးခဲ့သည်။
မနေ့ညက ပွဲစဉ်တွင် ဂျာမနီသည် ဝါနာ၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း နာကျင်အချိန်ပိုတွင် ဂါယာသွင်းသည့်ဂိုးကြောင့် တစ်ဂိုးစီသရေကျခဲ့သည်။