
၂၁ ရာစုပြိုင်ပွဲကြီးတွေရဲ့ အုပ်စုအဆင့်ကနေ ပထမဆုံးလှည့်ပြန်ရတဲ့ ရွှေရောင်မျိုးဆက်
ဘယ်လ်ဂျီယံ ၀ – ၀ ခရိုအေးရှား
ကမ္ဘာ့အဆင့် ၂ ဘယ်လ်ဂျီယံကတော့ အဆုံးသတ် မသေချာတာကြောင့် ကာတာကနေ စောစောစီးစီး လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။
ဒီအတွက် ဒုတိယပိုင်းအစမှာ လူစားဝင်လာပြီး အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့တဲ့ လူကာကူကို အပြစ်တင်လို့ ရနိုင်ပါရဲ့လား။
နှေးကွေးလေးလံပေမယ့် အဆုံးသတ်သေချာသူလို့ နာမည်ကြီးတဲ့ လူကာကူဟာ အနီးကပ် အပိုင်ကန်ချက် တိုင်ထိထွက်ခဲ့တာ၊ အနီးကပ်ခေါင်းတိုက်ချက် ဂိုးဘားတန်းပေါ် ကျော်ခဲ့တာ၊ အနီးကပ် ရင်ဘတ်နဲ့ပိတ်သွင်းချက် ဂိုးသမားဖမ်းမိခဲ့တာတွေ ရှိပေမယ့်လည်း သူ့ကို အပြစ်လို့ မဆိုနိုင်ပါဘူး။
တကယ်တမ်း အပြစ်တင်သင့်တာက ကွင်းလယ်ပါ။
ဒီဘရိုင်းနားနဲ့ မော့ဒရစ်တို့အားပြိုင်တဲ့ ကွင်းလယ်မှာ ခရိုအေးရှားအသင်းက ပိုကောင်းခဲ့ပြီး တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ အတိုပေးကစားတဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ငွေတံဆိပ်ရအသင်းက ပိုကောင်းခဲ့တာ အမှန်ပါပဲ။
မော့ဒရစ် ခြေထောက်ထဲက ဘောလုံးကို ဘယ်လ်ဂျီယံကစားသမားတွေ မဖျက်နိုင်သလို ပါရီဆစ်၊ ဆိုဆာတို့ရဲ့ ဘယ်တောင်ပံတိုက်စစ်သာ ပိုစွမ်းဆောင်နိုင်ခဲ့ရင် အနိုင်ရမှာက ခရိုအက်တွေ ဖြစ်သွားမှာပါ။
ဒိုကူ ဝင်လာပြီးနောက် ဘယ်လ်ဂျီယံ ဘယ်တောင်ပံက အသက်ဝင်လာခဲ့ပြီး သူ့ကို ခရိုအေးရှားနောက်ခံလူတွေ မထိန်းချုပ်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ မိနစ် ၂၀ လောက်သာ ကစားခွင့်ရခဲ့တာက နည်းပါးလွန်းခဲ့ပြီး ပွဲပြီးခါနီး လူကာကူ ပိတ်သွင်းမယ့်ဘောလုံးကို ဖျက်ထုတ်နိုင်ခဲ့တဲ့ ဂျီဗာဒီယိုရဲ့ စွမ်းဆောင်မှုကလည်း ခရိုအေးရှားကို အုပ်စုဒုတိယနေရာ ရစေခဲ့တာပါ။
၂၀၁၈ ကမ္ဘာ့ဖလားမှာ တတိယရခဲ့တဲ့ ဘယ်လ်ဂျီယံအတွက်တော့ ၂၁ ရာစုနောက်ပိုင်း အဓိကပြိုင်ပွဲကြီးတွေဖြစ်တဲ့ ယူရို+ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတာလည်း ဖြစ်ပါတယ်။