၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအား ပူးတွဲအိမ်ရှင်အဖြစ် စပိန်နှင့် ပေါ်တူဂီ လျှောက်ထားမည်

စပိန်နှင့်ပေါ်တူဂီတို့သည် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအား ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပရေး လျှောက်ထားမည် ဖြစ်ကြောင်း အတည်ပြု ကြေညာလိုက်သည်။ စပိန်နှင့် ပေါ်တူဂီတို့သည် အစောပိုင်းတုန်းက မော်ရိုကို အပါအဝင် သုံးနိုင်ငံ ပူးတွဲကျင်းပရေး လျှောက်ထားရန် စီစဉ်ခဲ့သော်လည်း ဒီဇင်ဘာလမှ စတင်ကာ ကမ္ဘာ့ဖလားကို နှစ်နိုင်ငံတည်းတွင်သာ ကျင်းပရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်။

စပိန်နှင့်ပေါ်တူဂီတို့သည် ဗုဒ္ဓဟူးနေ့တုန်းက ခြေစမ်းပွဲ ကစားခဲ့ပြီး ဂိုးမရှိသရေကျခဲ့သည်။ အဆိုပါပွဲအပြီးတွင် ‌စပိန်နှင့်ပေါ်တူဂီအဘောလုံးအဖွဲ့ချုပ်တို့က ပူးတွဲအိမ်ရှင်အဖြစ် ၂၀၃၀ ကမ္ဘာ့ဖလားအား ဧည့်ခံကျင်းပရန် လျှောက်ထားရေး သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာက အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကို၊ ကနေဒါ၊ အမေရိကန်တို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားသည်။

၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်အသင်းကို ၂၀၂၄ ခုနှစ်တွင် ဖီဖာက ဆုံးဖြတ်သွားမည် ဖြစ်သည်။ ဖီဖာသည် ၂၀၂၂ ခုနှစ်မှ စတင်ကာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လျှောက်ထားမှုကို လက်ခံသွားမည် ဖြစ်သည်။

စပိန်နှင့် ပေါ်တူဂီတို့မှာ ၂၀၃၀ ကမ္ဘာ့ဖလားအား ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပရန် ဥရောပတိုက်မှ ဒုတိယမြောက် လျှောက်ထားမည့်သူများ ဖြစ်သည်။ ရိုမေးနီးယား၊ ဂရိ၊ ဘူလ်ဂေးရီးယားနှင့် ဆားဘီးယားတို့ကလည်း ၂၀၃၀ ကမ္ဘာ့ဖလားကို ပူးတွဲ အိမ်ရှင်အဖြစ် လျှောက်ထားမည်ဟု ကြေညာထားပြီး ဖြစ်သည်။

ထို့အပြင် ဥရုဂွေး၊ အာဂျင်တီးနား၊ ပါရာဂွေး၊ ချီလီတို့ကလည်း ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားမည် ဖြစ်သလို အာဖရိကမှ မော်ရိုကိုကလည်း အိမ်ရှင်အဖြစ် လျှောက်ထားမည်ဟု ကြေညာထားသည်။

လက်ရှိအချိန်တွင် အင်္ဂလန်၊ အိုင်ယာလန်၊ မြောက်အိုင်ယာလန်၊ ဝေးလ်၊ စကော့တလန်တို့ကလည်း ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်နေသလို ကိုလံဘီယာ၊ အီကွေဒေါ၊ ပီရူးတို့ကလည်း ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားရန် စိတ်ဝင်စားနေသည်။ အခြားတစ်ဖက်တွင် ကင်မရွန်း၊ အီဂျစ်နှင့် တရုတ်တို့ကလည်း ၂၀၃၀ ကမ္ဘာ့ဖလားအား အိမ်ရှင်အဖြစ် ကျင်းပရန် စိတ်ဝင်စားနေသည်။

၂၀၃၀ ကမ္ဘာ့ဖလားမှာ ၂၄ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ် ရာပြည့်ပြိုင်ပွဲလည်း ဖြစ်လာမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment