၂၀၂၁ ဟာ မေလသံစဉ် နှုတ်ခမ်းထဲက ထွက်ကျလာမယ်လို့ အခုပြောလိုက်တာ ဘယ်သူလဲ..

N ကြယ်မင်း

၂၀၂၀ ထွက်ခွာပါတော့မယ်။ ကျွန်တော်တို့ဟာ တစ်ယောက်တည်း လွမ်းရလေခြင်း မဟုတ်ခဲ့ပါဘူး။

တစ်ယောက်တည်း နစ်မွန်းရ၊ သေကောင်ပေါင်းလဲ ညှိုးရော်ရ၊ လမ်းပျောက်ရ၊ ညဘက်တစ်ရေးနိုးရင် မှန်ရှေ့ရပ်ပြီး အဲ့ဒါ ငါကိုယ်တိုင်လားကွာ ပြန်မေးရ၊ ဒါတွေအားလုံးဟာ သင်နဲ့အတူ ကမ္ဘာကြီးဖြစ်ပါတယ်။

သင်မဖြစ်ရင် ကမ္ဘာကြီးလည်း မဖြစ်ခဲ့ပါဘူးဆိုတဲ့ သေချာမှုကို ကျွန်တော်တို့ နယ်စည်းမခြား ပိုင်ဆိုင်ကြရချိန်ပါပဲ။

ဒါဟာ ပြိုလဲသွားတဲ့ စီးပွားရေးတွေမှ မဟုတ်ပါဘူး။ ဂျော်ဂျင်ဟို လွဲသွားတဲ့ပင်နယ်တီအထိ မဖြစ်ခဲ့ကြတာပါ။

၂၀၂၀ဟာ မဖြစ်ခြင်းတွေ ပန်းထွက်နေတဲ့ ဆိုင်းဘုတ်တစ်ခုလို လက်ဆွဲနှုတ်ဆက်ခဲ့တယ်။

၂၀၂၀ ဟာ မပြီးဘဲ ပြီးခဲ့တယ်။ ဒီလိုနှစ်မျိုးထဲ ခင်ဗျားဟာ ဘယ်အသင်းနဲ့ တွယ်ငြိနေဆဲလဲ။

အဲ့ဒီအသင်းနဲ့ ခင်ဗျားဟာ ရေစက်ကြီးကြတာလား။ အဲ့ဒီအသင်းနဲ့ ခင်ဗျားဟာ ငယ်ကျွမ်းဆွေ နှစ်ကြီးသမားလား။

အဲ့ဒီအသင်းနဲ့ ခင်ဗျားဟာ တစ်ဦးနဲ့တစ်သင်း အပြန်အလှန် သူကောင်းပြုဆဲလား။

ကျွန်တော်ဟာ ဒီဇင်ဘာ နောက်ဆုံးရက်တစ်ရက်မှာ အဲ့ဒါကို လိုက်တွေးနေမိတာပေါ့။

တကယ်တော့ ဒီအမှုမျိုးက သူတစ်ပါးကို မေးခွန်းထုတ်ဖို့ထက် မိမိကိုယ်ကိုယ်ပဲ ပြန်ပြီးဆန်းစစ်ကြည့်ဖို့ကောင်းတာပါ။

ကျွန်တော်ဟာ ဘယ်အသင်းကိုများ မေတ္တာသက်ဝင်ဆဲရှိပါလိမ့်..

မန်ယူနိုက်တက်ကြီးများလား..။

ဒီလမ်းထဲကို နောက်တစ်ခါ ဘယ်တော့မှမလာတော့ဘူးသီချင်းဟာ ကျွန်တော့်ဆီ ညပေါင်းများစွာ ပြန်,ပြန်ပြီး ကျော့နေမယ်။

ခြေသည်းလေးတွေရဲ့အလျားကိုတောင် အလွတ်ရနေတဲ့ ငယ်ချစ်ဦးလို ချစ်ခဲ့လည်း အခုတော့ ကန်တော့ပါသေးရဲ့ အော်ထုတ်ချင်နေမယ်။

ယူနိုက်တက်ဟာ ယူနိုက်တက် မဟုတ်တော့ပါဘူးကွယ်လို့ သက်ပြင်းပူပူကြီးတွေ တစ်ညလုံး မြိုချနေရမယ်။

ဒါပေမဲ့လည်း ဆိုးလ်ရှားက တံခါးလာ,လာခေါက်နေဆဲပဲ။ ဒီမှာ ခင်ဗျားကျန်ရစ်ခဲ့တဲ့ အိပ်မက်တွေဖြစ်ပါတယ်။

အဲ့ဒါလေး တစ်ချက်လောက်ပြန်စစ်ဆေးပြီး လက်ခံပေးပါဦးလု့ိ ထုတ်ပြောလာသလို ပွဲတွေကစားခဲ့တယ်။

ကျွန်တော်ဟာ ရက်ရှ်ဖို့ဒ်ကိုဆဲရင်း တွယ်တာမိပြန်ပါပေါ့။

ဘရူနိုရဲ့ခေါ်သံတွေဟာ ညကော်ဖီခွက်ထဲ တိုက်ရိုက် ခုန်ဆင်းလာတယ်။

ကျွန်တော်ဟာ ယူနိုက်တက်ကို မေ့နိုင်ပါပြီ ထုတ်ပြောရင်း မမေ့သေးသူများလား။

အိုးထရက်ဖို့ဒ်ခြံတံခါးမှာ ကျွန်တော်ဟာ တွေဝေစွာ ရပ်တန့်နေသူတစ်ယောက်လည်း ဖြစ်နိုင်ပါသေးတယ်။

ကျွန်တော်ဟာ မန်စီးတီးဆီ သိပ်မရောက်ဖြစ်တော့ဘူးပေါ့။

လွန်လေသော ရာသီအနည်းငယ်အတွင်းမှာပဲ သူမလမ်းလျှောက်လာရင် အလိုလို လမ်းဖယ်ပေးမိတဲ့ စက်ဘီးကလေးတစ်စင်းလို မန်စီးတီး ဖြစ်ထွန်းခဲ့ပုံကြီးကို ကျွန်တော် ကြည့်ငေးခဲ့ဖူးတာပေါ့။

သူကများ တစ်ချက်လောက် ပြုံးရယ်ပြလိုက်ရင် ကြွေကျသွားတဲ့ ပုရိသတပ်ရင်းတစ်ခုလို အရှိန်အဝါကလည်း ကြီးသေးပေါ့။

ဒါပေမဲ့ အခုတော့ သူ့ရဲ့ချေမိုးတဲ့ဂုဏ်ရည်နဲ့ လျော်ညီရာ ဖွင့်လှစ်မှုတွေရှိနေလည်း ဘယ်သူမှ အနားမကပ်ရဲအောင် ရှိခဲ့ကြရပြီ။

ဂွါဒီယိုလာရဲ့ဘာလုပ်ချင်မှန်းမသိတဲ့ ပွဲကိုစီးနင်းပုံတွေမှာ ကျွန်တော်တို့ ဒဏ်ရာရကြ၊ ဂိုးအောက်တွေမှာ သွေးမ တိတ်နိုင်အောင် ဖြစ်ရတယ်။

အလံတိုင်ထောင့် ကပွဲမှာ အော့နှလုံးရင်သားတွေ ရမ်းခါနေတာကို နောက်တစ်ကြိမ် မကြည့်ချင်တော့လောက်အောင် ဖြစ်လာတယ်။

ရာဇဝင်ထဲမှာ ဖင်ကောက်ကိုထားရစ်ခဲ့..လို့ စိတ်နာသူတစ်ယောက်က ညကြီးမင်းကြီး ထအော်ခဲ့ပေါ့။

ခင်ဗျားဟာ အာဆင်နယ်များလား။ မင်းဂိုးက ကြက်ပါကွာလု့ိ အပြောအဆိုမလွတ်သူ ဆာကာရဲ့ အာဆင်နယ်များလားပေါ့လေ။

မြန်မြန်လာပါ လာကာ၊ ရှာကာ၊ ဆာကာဆိုတဲ့ ဂန်းနားသီချင်းဟာ အမှန်ပဲပေါက်ခဲ့ပြီလား ကျွန်တော်မသိပါဘူး။

ကျွန်တော်က တီမိုဗာနာဘက်က ခုခံချေပဖု့ိကြိုးစားရင်း ချဲလ်ဆီးချည်တိုင်မှာ ရှိ,ရှိနေရပြန်တယ်။

မနေ့တစ်နေ့ကပဲ လမ်းပတ်လမ်းကို ရွှေခင်းထားတယ် ဘာညာတွေ ရေးသားခဲ့ပြီး ဒီကနေ့မှာ လမ်းပတ်ကောင်း ကင်မှာ ရွှေမိုးညိုခဲ့ပြီလား..ဆိုတဲ့ခေါင်းစဉ်မျိုး ကျွန်တော် မပေးချင်သေးပါဘူး။

မော်ရင်ညိုကိုပြန်ရရင် လောကကိုမာနတစ်ခုနဲ့ကြည့်ခဲ့တဲ့ တော်လှန်သော ငယ်ဘဝတွေကို အမှတ်ရမိတယ်။

သူပြန်လာရင် ကိုယ်ပြန်လာသလို လှိုက်လှဲခဲ့တယ်။

ဒါပေမဲ့ သူကိုယ်တိုင်တောင် သူလာရာလမ်းကို ပြန်,ပြန်ပြီး မေ့လျော့သွားသလို ရလဒ်တွေ၊ ဆန်းသစ်သွေးသားမပါတဲ့ ဘတ်စ်ကားတွေဆီ ခုတလော အရောက်အပေါက်များလာပြန်တာ စိတ်ပျက်စရာပဲ။

သွားပါတော့ ၂၀၂၀၊ ဗိုင်းရပ်စ်နှစ်ဆယ်နှစ်ဆယ်ရဲ့အိပ်ရာတော်မှာ ဘယ်သူကများရွှင်လန်းစွာ အိပ်ပျော်နိုင်ခဲ့မှာတဲ့လဲ။

ကျွန်တော်နဲ့ အဲ့ဒီအသင်းတွေလည်း တစ်ညချစ်ပြီး တစ်ပတ်လောက် ပြန်နားထားရတယ်။

၂၀၂၁ မှာ မေလသံစဉ် နှုတ်ခမ်းလေးငှားပြီး ကျွန်တော်တု့ိ အလည်အပတ် သွားကြရအောင်ပါ။

ခင်ဗျားမိုးတိမ်တွေ နှစ်သစ်မှာ ကျန်းမာသန်စွမ်းဖို့ ကျွန်တော်က ဆုတောင်းလိုက်ပါတယ်။

Facebook Comments Box
Facebook Comment