
၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ဥက္ကဌသစ် ရွေးကောက်ပွဲ ကျင်းပမည်ဟု ဘာစီလိုနာ အတည်ပြု
ဘာစီလိုနာ၏ဥက္ကဌသစ် ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၀နှင့် ၂၁ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကလပ်က အတည်ပြုသွားသည်။
လက်ရှိဘာစီလိုနာဥက္ကဌဘာတိုမြူသည် ပြီးခဲ့သည့်လများအတွင်းတွင် ဆုဖလားလက်မဲ့ရာသီကြုံရမှု၊ မက်ဆီ အသင်းပြောင်းခွင့်တောင်းဆိုမှုတို့ကြောင့် ဝေဖန်မှုများနှင့်အကြီးအကျယ်ကြုံခဲ့ရပြီး ၎င်းမှာ ဥက္ကဌသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ချေ။ ဘာတိုမြူသည် ဘာစီလိုနာဥက္ကဌ သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ထားပြီးဖြစ်၍ ထပ်မံ ရွေးကောက်ပွဲ ဝင်နိုင်တော့မှာမဟုတ်ချေ။ သို့သော် ၎င်းအနေဖြင့် လက်ရှိဘုတ်အဖွဲ့ဝင်မှ တစ်ဦးကို ဥက္ကဌရာထူးအတွက် ရွေးကောက်ပွဲဝင်ရန် ယှဉ်ပြိုင်နိုင်စေသည်။
သို့ရာတွင် ဘာတိုမြူ၏ဘာစီလိုနာဥက္ကဌရာထူးမှ မတ်လအထိ ဆက်ရှိနေမည်ဆိုသော်လည်း ၎င်းအနေဖြင့် စောစောစီးစီး ရာထူးမှ ထွက်ခွာရနိုင်သည့် အနေအထားတွင်လည်း ရှိနေဆဲဖြစ်သည်။
ဘာစီလိုနာဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်မည့် ဥက္ကဌလောင်းများသည် လက်ရှိ ဥက္ကဌနှင့်ဘုတ်အဖွဲ့အပေါ် အယုံအကြည်မရှိ ထောက်ခံလက်မှတ် ကောက်ခံလျက်ရှိပြီး ဘာစီလိုနာကလပ်အဖွဲ့ဝင် ၇၅၀၀ ကျော်တို့၏လက်မှတ် ရရှိထားပြီး ဖြစ်သည်။
၎င်းတို့အနေဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့ မတိုင်မီ ကလပ်အဖွဲ့ဝင် ၁၆၅၂၀ မှ ထောက်ခံလက်မှတ် ၁၄၀၀၀ ရရှိလျှင် ဥက္ကဌသစ် ရွေးကောက်ပွဲအား စောစီးစွာ ကျင်းပခွင့် ရလာမည်ဖြစ်သည်။
၎င်းတို့၏ကြိုးပမ်းမှု မအောင်မြင်လျှင် ဘာတိုမြူမှာ ဥက္ကဌသစ် ရွေးကောက်ပွဲ ကျင်းပမည့် မတ်လအထိ ဘာစီလိုနာဥက္ကဌအဖြစ် ဆက်ရှိနေမည်ဖြစ်သည်။
ဘာစီလိုနာသည် လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကလပ်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားသည်။ ယင်းနေ့မှာ နျူးကမ့်တွင် ရီးရဲလ်မက်ဒရစ်နှင့် အယ်လ်ကလာစီကိုပွဲမကစားမီ တစ်နေ့ ဖြစ်သည်။
ဘာစီလိုနာသည် ကလပ်အဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကလပ်ဝင်ငွေ ထိခိုက်မှုအပေါ် ပထမဆုံးအကြိမ် လူသိရှင်ကြား ကြေညာလာမည် ဖြစ်သည်။ ဘာစီလိုနာသည် ၂၀၁၉ ခုနှစ်တုန်းက ဝင်ငွေ ယူရို ၁ ဘီလီယံကျော်ခဲ့သော်လည်း ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝင်ငွေ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းလာရန် ရှိနေသည်။