၂၀၂၀-၂၁ လာလီဂါရာသီသစ်အား စက်တင်ဘာလ ၁၂-၁၃ ရက်တွင် စတင်သွားမည်

လာလီဂါလိဂ်အဖွဲ့ချုပ်သည် ၂၀၂၀-၂၁ ရာသီအား ယခုနှစ် စက်တင်ဘာလ ၁၂-၁၂ ရက်တို့တွင် စတင်ရန် သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်သည်။ လာလီဂါလိဂ်အဖွဲ့ချုပ်သည် ၂၀၂၀-၂၁ လာလီဂါရာသီသစ်အား စတင်ရေးနှင့်ပတ်သက်၍ စပိန်ဘောလုံးအဖွဲ့ချုပ်၊ စပိန်ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားများသမဂ္ဂတို့နှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ရာ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ၂၀၂၀-၂၁ ရာသီသစ်အား စက်တင်ဘာလ ၁၂-၁၃ ရက်တို့တွင် အသင်းတိုင်း စတင်ကစားသွားရမည်မဟုတ်ချေ။ ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်တစ်ပွဲစီကစားခဲ့ရသည့် ရီးရဲလ်မက်ဒရစ်နှင့်ဂီတာဖေးတို့သည် အဖွင့်ပွဲအပြီး တစ်ပတ်နောက်ကျပြီးမှ ကစားရမှာဖြစ်သလို ဆီဗီလာ၊ အက်သလက်တီကို၊ ဘာစီလိုနာတို့မှာ တတိယမြောက်အပတ်တွင်မှ ကစားရမည်ဖြစ်သည်။ အလားတူ ပလေးအော့ဖ်ကစားရမည့် အယ်လ်ချီနှင့်ဂျီရိုနာတို့မှ တစ်သင်းသင်းတို့မှာလည်း တတိယအပတ်တွင်မှစတင်ကစားရမည်။

၂၀၁၉-၂၀ ကိုပါဒယ်ရေးဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် ဘီလီဘာအိုနှင့်ဆိုစီဒက်တို့ပွဲစဉ်ကို ခရစ္စမတ်ကာလနှောင်းပိုင်းမှာ ကစားသွားဖွယ်ရှိနေသည်။ ဒါ့အပြင် လာလီဂါပွဲစဉ်များကို ဒီဇင်ဘာလ ၃၀ ရက်တွင်လည်းကစားရန် စီစဉ်ထားရာ ယခုရာသီတွင် ဆောင်းရာသီအားလပ် ရက်မရှိတော့ချေ။

စပိန်စူပါဖလားပွဲစဉ်အဖြစ် ဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ်ပွဲစဉ်ကို ဇန်နဝါရီတွင် ကစားရန် စီစဉ်ထားသလို ယခုနှစ် ကိုပါဒယ်ရေးဗိုလ်လုပွဲကို ဧပြီလ ၁၇ ရက်နေ့တွင် ကစားရန်စီစဉ်ထားသည်။ လာလီဂါကဲ့သို့ပင် ပရီးမီးယားလိဂ်သည်လည်း ၂၀၁၉-၂၀ ရာသီအား နောက်ကျပြီးမှ သိမ်းရမှုနှင့်အတူ ယခုနှစ်တွင် ဆောင်းရာသီအားလပ်ရက်အားဖြုတ်ချခဲ့ရသည်။

Ref: Marca

Facebook Comments Box
Facebook Comment