၁၈ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးကို ပေါင် ၃၅ သန်းဖြင့် ဝုဗ်ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် ဝုဗ်သည် ပေါ်တိုအသင်းမှ အသက် ၁၈ နှစ်အရွယ် ပေါ်တူဂီ ယူ-၁၉ လက်ရွေးစင် ဖေဘီယိုဆေးလ်ဗားကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းဖြင့် အံ့အားသင့်ဖွယ် ခေါ်ယူလိုက်သည်။

ဆေးလ်ဗားသည် ၂၀၁၉-၂၀၂၀ ရာသီကမှ ပေါ်တိုအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့် ရခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲစုံ ၂၁ ပွဲတွင် ၃ ဂိုးသွင်းယူခဲ့သည်။

သို့သော်လည်း ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ဂျော့ဆေးလ်ဗား၏ သားဖြစ်သူ ဖေဘီယိုသည် အသက်အရွယ်နှင့် မလိုက်အောင် ခြေစွမ်းပြ ကစားနိုင်သောကြောင့် ဝုဗ်က ကလပ်သမိုင်းတစ်လျှောက် အမြင့်ကြေးဖြစ်သည့် ပေါင် ၃၅ သန်းဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်သည်။

ပေါ်တိုသည် ပေါ်တူဂီ ယူ-၁၉ အသင်းအတွက် ၅ ပွဲတွင် ၃ ဂိုးသွင်းယူထားသော ဖေဘီယို၏ စာချုပ်ဖျက်သိမ်းကြေးကို ပေါင် ၁၁၂ သန်းအထိ ထည့်သွင်းထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ဘဏ္ဍာရေးအခြေအနေ ယိမ်းယိုင်လာမှုကို ကျားကန်သည့်အနေဖြင့် ဝုဗ်ဘက်မှ ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းလာမှုကို လက်ခံလိုက်ခြင်းဖြစ်သည်။

ဝုဗ်သည် ၎င်းတို့၏ ကစားသမားသစ်ကို စက်တင်ဘာ ၅ ရက်က တရားဝင် မိတ်ဆက်ခဲ့ပြီး ကလပ်ဝက်ဘ်ဆိုက်တွင်သာမက ဆိုရှယ်မီဒီယာ ချန်နယ်များတွင်ပါ ပရိသတ်များနှင့် မိတ်ဆက်ပေးခဲ့သည်။

ဝုဗ်ဥက္ကဋ္ဌ ဂျက်ဖ်ရှီက ၁၈ နှစ်အရွယ် ကစားသမားလေးကို အသေအချာ စောင့်ကြည့်ပြီးမှ ခေါ်ယူခဲ့ခြင်းဟု ဖွင့်ဟခဲ့ပြီး ဆယ်ကျော်သက်အရွယ်တွင် ၎င်းလောက်ကောင်းသည့် ကစားသမား မျိုး မတွေ့မိသေးဟုလည်း ချီးကျူးလိုက်သည်။

ဝုဗ်နည်းပြ ပေါ်တူဂီလူမျိုး နူနိုဆန်တိုကလည်း ဖေဘီယို၏ ဘောလုံးပါရမီကို အံ့အားသင့်မိ သည်ဟု ပြောကြားလိုက်ပြီး အသင်းကြီးတွင် ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရမည်ဟုလည်း သတိပေးသည်။

ဝုဗ်သည် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် အဆင့် ၇ နေရာရရှိခဲ့ပြီး မကြာမီစတင်မည့် ရာသီသစ်တွင်မူ ထိုထက်မြင့်မားသည့် ရပ်တည်မှုမျိုး ရရှိနိုင်ရန် ကြိုးစားသွားမည် ဖြစ်သည်။

Ref:dailymail

Facebook Comments Box
Facebook Comment