၁၈ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစ ရလဒ်ဆိုးမှုနှင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာ

ဘာစီလိုနာသည် စနေနေ့တုန်းက အလာဗက်စ်နှင့် ၁ ဂိုးစီသရေကျပြီးနောက် ၂၀၀၂-၀၃ ရာသီနောက်ပိုင်း လာလီဂါတွင် အဆိုးရွားဆုံး ရာသီအစ ရလဒ်ဆိုးရွားမှုနှင့် ရင်ဆိုင်နေရသည်။ ရော်နယ်ကိုးမန်းဦးဆောင်သည့် ဘာစီလိုနာသည် လာလီဂါပွဲ ၆ ပွဲကစားပြီးချိန်မှာ ရမှတ် ၈ မှတ် တည်းသာ ရရှိထားကာ ရီးရဲလ်မက်ဒရစ်၏ ရမှတ် တစ်ဝက်မျှသာ ရယူထားနိုင်သည်။

ဘာစီလိုနာသည် ချန်ပီယံလိဂ်တွင် ၂ ပွဲဆက် အနိုင်ရရှိထားသော်လည်း လာလီဂါတွင် ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားသည်။ ၎င်းတို့သည် အောက်တိုဘာလ ၁ ရက်နေ့တုန်းက ဆဲလ်တာဗီဂိုကို အနိုင်ရရှိပြီးနောက် နိုင်ပွဲပျောက်လာခဲ့ခြင်းလည်း ဖြစ်သည်။ ဆဲလ်တာဗီဂိုနှင့်ပွဲ နောက်ပိုင်းတွင် ဘာစီလိုနာသည် ဆီဗီလာ၊ အလာဗက်စ်တို့နှင့် သရေကျကာ ဂီတာဖေးနှင့် ရီးရဲလ်မက်ဒရစ်တို့ကို ရှုံးနိမ့်ခဲ့သည်။

၂၀၀၂-၀၃ ရာသီတုန်းက ဘာစီလိုနာအသင်း ရာသီအစ ရလဒ်ဆိုးရွားစဉ်က ရာသီကုန်ဆုံးချိန်တွင် အဆင့် ၆ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

စနေနေ့က ပွဲစဉ်တွင် အလာဗက်စ်သည် ပွဲချိန် ၃၁ မိနစ်တွင် ဂိုးသမားနီတို၏ အမှားမှ တဆင့် လူးဝစ်ရီယိုဂျာ၏သွင်းဂိုးဖြင့် ဦးဆောင်ဂိုး ရရှိခဲ့သည်။ အလာဗက်စ်က ဂျိုတာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံရပြီးနောက် ပွဲချိန် ၆၃ မိနစ်တွင် ဂရက်ဇ်မန်းက ဘာစီလိုနာအတွက် ချေပဂိုး သွင်းယူခဲ့သည်။

တစ်ဦးအသာဖြင့်ကစားခွင့်ရခဲ့သည့် ကိုးမန်း၏ဘာစီလိုနာသည် ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းအထိ ရရှိပြီး ဂိုးပေါက်ကန်သွင်းမှု ၂၅ ကြိမ်အထိ ပြုလုပ်ခဲ့သော်လည်း အနိုင်ဂိုး ရှာမတွေ့ခဲ့ချေ။

မက်ဆီသည် မိနစ် ၉၀ အတွင်းတွင် ဂိုးပေါက်ကန်သွင်းမှု ၁၀ ကြိမ်အထိ ပြုလုပ်ခဲ့သော်လည်း ဂိုးပေါက်မတွေ့ခဲ့ချေ။

ဘာစီလိုနာသည် ကြားရက်အတွင်းတွင် ဒိုင်နမိုကိဗ်နှင့် ချန်ပီယံလိဂ်ကစားရမည် ဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် မန်စီးတီးနည်းပြဟောင်းပယ်လီဂရီနီဦးဆောင်နေသည့် ဘက်တစ်နှင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment