
၁၇ နှစ်အရွယ်ကစားသမားလေးအတွက် ပေါင် ၁၅၃ သန်းသုံးမယ့် မန်ယူ
ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူရန်ကြိုးပမ်းမှု အဆင်မပြေဖြစ်နေသော မန်ယူအသင်းသည် အသက် ၁၇ နှစ်အရွယ်သာရှိသေးသော ဘာစီလိုနာ တောင်ပံကစားသမား အန်ဆူဖာတီကို စံချိန်တင်ပြောင်းရွှေ့ ကြေး ပေါင် ၁၅၃ သန်းပေး၍ အံ့အားသင့်ဖွယ်ခေါ်ယူသွားမည်ဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြသည်။
မန်ယူသည် အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင် ဆန်ချိုအတွက် ပေါင် သန်း ၆၀ မှ ၇၀ ကြားဖြင့်ကမ်းလှမ်း ထားသော်လည်း ဂျာမန်ကလပ်က ပေါင် ၁၀၈ သန်းပေးမှသာ လက်လွတ်ခံမည်ဟု အကြောင်းပြန်ထားသည်။ ဒေါ့မွန်အသင်းတာဝန်ရှိသူများနှင့် ကစားသမားများက ဆန်ချိုသည် အနိမ့်ဆုံး တစ်ရာသီဆက်ကစားမည်ဟု ယုံ ကြည်ထားသလို အပြောင်းအရွှေ့အတွက် ကလပ်နှစ်သင်းကြား လိပ်ခဲတည်းလည်းဖြစ်နေသောကြောင့် မန်ယူက အန်ဆူဖာတီဘက် မြားဦးလှည့်လာခြင်းဖြစ်သည်။
အာဖရိကနိုင်ငံ ဂီနီဘစ်ဆောတွင် မွေးဖွားကာ မိဘများနှင့်အတူ စပိန်နိုင်ငံသို့ ပြောင်းရွှေ့လာသူ အန်ဆူဖာတီသည် ဆီဗီလာ၊ ဘာစီလိုနာလူငယ်အသင်းများတွင်ကစားကာ ၂၀၁၉ ခုနှစ်တွင် ဘာစီလိုနာအသင်းကြီးအတွက် ပွဲထွက် ကစားခွင့်ရခဲ့သည်။
၎င်းသည် ၂၀၁၉-၂၀၂၀ ရာသီတွင် လာလီဂါ ၇ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၈ ဂိုးသွင်းကာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် စ ပိန်လက်ရွေးစင်အသင်းနည်းပြ အင်းနရစ်က ဂျာမနီ၊ ယူကရိန်းတို့နှင့်ကစားရမည့် နေးရှင်းလိဂ်ပွဲစဉ်အတွက် စပိန် လက်ရွေးစင်အသင်းကြီးတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံထားရသည်။
Mundo Deportivo ၏ဖော်ပြချက်အရ မန်ယူအသင်းသည် အန်ဆူဖာတီကို ခေါ် ယူပါက စာချုပ်ဖျက်သိမ်းကြေး ကို ပေါင် သန်း ၃၆၀ အထိ သတ်မှတ်သွားမည်ဟုသိရပြီး ထိုပမာဏမှာ ၂၀၁၇ တွင် ပီအက်စ်ဂျီက နေမာကိုခေါ်ယူ စဉ် ပေးခဲ့ရသည့် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းထက် တစ်ဆနီးပါး ပို များသည့်သဘောဖြစ် သည်။
Ref: MundoDeportivo